ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ၅ ရက်အတွင်း ဒေသခံ ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်လတ်မြို့နယ်မှာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်အထိ ၅ ရက်အတွင်း PDF တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အမျိုးသမီးတယောက် အပါအဝင် အရပ်သား ၅ ယောက်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “စစ်ကောင်စီတပ်က လာဖမ်းတာ၊ အဖမ်းခံရတဲ့သူတွေက အရပ်သားတွေချည်းပါ။ PDF တွေကို ထောက်ပံ့တာကြောင့်ဆိုပြီး ဖမ်းခံရတာ။ အဖမ်းခံရတဲ့ ကောင်းမလေးကို လာဖမ်းတော့ စစ်သားတွေချည်းပဲ။ အရင်လို မိန်းကလေး စစ်မေတို့၊ ရဲမေတို့ မပါဘူး။ ကောင်မလေးရဲ့ အိမ်ကိုလှည့်ဝိုင်းပြီး ဖမ်းသွားတာ။ အမျိုးသမီး တယောက်နဲ့ အမျိုးသားတယောက်ကို ဇွန် ၂၉ ရက်က၊ နောက်ထပ် အမျိုးသား ၃ ယောက်က ဇူလိုင် ၁ ရက်နဲ့ ၂ ရက်နေ့တွေက ဖမ်းခံရတာတဲ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ တားပြတ်ကျေးရွာက လူငယ် အမျိုးသမီးတယောက်နဲ့ အမျိုးသားတ ယောက်၊ မြို့ပေါ် ရပ်ကွက်တွေက ၃ ယောက်ဖြစ်ပြီး ရဲစခန်းကို ဖမ်းခေါ်သွားတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “အဖမ်းခံရသူ အားလုံးကို ရဲစခန်းမှာ ထားတယ်လို့ သိရတယ်။ အားလုံး ၅ ယောက်လေ၊ မိန်းကလေး ၁ ယောက်လည်းပါတယ်။ ဖမ်းတဲ့ အဓိက အချက်က PDF နဲ့ အဆက်အသွယ် လုပ်ထားလို့ ဖမ်းတာတဲ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရထားရသူတွေနဲ့ ဇူလိုင် ၄ ရက်အထိ အဆက်အသွယ်မရတာကြောင့် မိသားစုတွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျိုက်လတ်မြို့ပေါ်မှာ ရဲနဲ့စစ်တပ်က လှည့်လည်စစ်ဆေးတာတွေလည်း လုပ်နေပြီး လူစိမ်းတွေ တွေ့ရင် ချက်ချင်းအကြောင်းကြားဖို့နဲ့ လက်ခံမထားဖို့ သတိပေးနေတယ်လို့ ဆိုပါတယ်။
ကျိုက်လတ်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူ အယောက် ၄၀၀ ကျော်အထိရှိပြီး ပြန်လွတ်လာသူ ၁၀၀ ကျော်နဲ့ ထောင်ဒဏ်ချမှတ် ခံထားရသူတွေလည်း ရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။