Home
မြန်မာသတင်း
ဝိုင်းမော်မြို့နယ်က ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူများ အကူအညီလိုအပ်
DVB
·
July 4, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာနဲ့ လဘန်ကျေးရွာမှာ ရေဘေးဒုက္ခကြုံနေရတဲ့ စစ်ရှောင်ပြည်သူတွေ အစားအသောက်နဲ့ သောက်ရေ အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

ဇူလိုင် ၂ ရက် မနက်ပိုင်းကစပြီး ဧရာဝတီမြစ်ရေ တဖြည်းဖြည်း ပြန်ကျဆင်းသွားပြီ ဖြစ်ပေမဲ့ ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်တွေရှိသလို တချို့အဆောင်တွေကတော့ ရွှံ့မြေတွေ ပြည့်နှက်ကုန်တာကြောင့် စခန်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်တဦးက ပြောပါတယ်။

“အခုလောလောဆယ်တော့ camp shelter တွေ ရှိတဲ့နေရာတွေကျတော့ ခေါင်မိုးမြုပ်လုနီးပါးအထိကို ရေဝင်သွားတော့ သဲတွေလည်း အကုန်လုံးဖုံးသွားတော့ ကုန်းမြင့်တဲ့နေရာမှာ ရွှေ့ပြောင်းပြီး စုပေါင်းချက်တာတို့ အဲ့လိုဖြေရှင်းနေတယ်။ တည်ဆောက်ထားတဲ့ shelter တွေကတော့ စောင်းသွားတာတွေရှိတယ်။ တချို့က သဲဖုံးသွားတာတွေ ရှိတယ်။ ပစ္စည်းတွေကိုတော့ တောင်ကုန်းဘက်ကို ဝိုင်းရွှေ့နေကြတယ်။ အိမ်သာလုပ်ဖို့ ကျင်းတူးထားတဲ့ ကျင်း ၂၀လောက်လည်း ပြန်ပြည့်သွားတယ်။ နောက်ပြီး ဒီမှာက shelter က တည်ဆောက်နေဆဲကာလဖြစ်တော့ ဆောက်ဖို့ ဝါးတွေ အလုံး ၁၀၀၀ လောက် မျောပါသွားတယ်။”

ကချင်ပြည်နယ်မှာ အထက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ဇွန်လ ၃၀ ရက် ညနေပိုင်းကစပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့အားလုံးနီးပါး ရေဘေးဒုက္ခကြုံခဲ့ရတာပါ။

ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ကျေးရွာတို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတာကြောင့် အဲဒီက စစ်ရှောင်စခန်းတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ရှောင်စခန်းက လူနေအဆောင်တွေ ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် လူနေအဆောင်တွေ လိုအပ်သလို အစားအသောက်နဲ့ သောက်ရေသုံးရေလည်း အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

“အဓိကတော့ သောက်ရေ သုံးရေ လိုအပ်တယ်။ ပြီးတော့ တချို့မိသားစုတွေက မရှိမဲ့ရှိမဲ့ အစားအသောက်တွေ ပါသွားတာတွေလည်း ရှိနိုင်တယ်။ အခြေခံအစားအစာတွေပေါ့။ နောက်တော့ ပြိုပျက် ပျက်စီးသွားတဲ့ လူနေအဆောင်တွေလည်း လိုအပ်မယ်။ ဒါကတွေက အခု အရေးပေါ် လိုအပ်နေတဲ့အရာတွေဖြစ်တယ်။ နောင်းချိန်းကျေးရွာအုပ်စုထဲမှာ မိုင်းနား Camp အပါအဝင် ၁၅  Camp လောက် ရှိတယ်။ တချို့ Camp တွေ ရေထဲမျောပါသွားတယ်လို့ ကြားသိရတယ်။ တချို့  Camp တွေ နေလို့မရတော့ဘူး။ ပျက်စီးသွားတာတွေလည်း အများကြီး ဖြစ်တယ်။ မြစ်ဆိပ်ဘက်မှာ နေရာချထားတဲ့ အများပိုင်းက ပိုပြီး ကြုံတွေ့ရတာ ဖြစ်တယ်။ တချို့တွေကျ ပစ္စည်းတွေ မယူနိုင်တာလည်း ရှိတယ်။ တချို့တွေက ပြန်နေလို့မရလို့ ကုန်းမြင့်ပေါ်မှာ နေရာချထားတာ ထောင်ချီရှိတယ်။”

နောင်းချိန်းကျေးရွာမှာ စစ်ဘေးရှောင်စခန်း ၁၄ ခုရှိပြီး လူဦးရေ ၂၀၀၀ ကျော်စစ်ရှောင်နေပြီး လဘန်ကျေးရွာမှာတော့ စခန်း ၆ ခုလောက်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိကာ တဆက်တည်းရှိတဲ့ရွာတွေ ဖြစ်ပါတယ်။

အဲဒီစစ်ရှောင်စခန်းတွေမှာ ဂါးရာယန်၊ ရွှေညောင်ပင်၊ အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ဝူယန်၊ လမြန် စတဲ့ကျေးရွာက ဒေသခံပြည်သူတွေ အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပြီး စစ်ရှောင်ကာလ ၃ လခန့်ရှိလာပြီလည်း ဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချူပ် (KBC) လူမှုကူညီရေးအဖွဲ့ HDD မှ ပြုစုထားတဲ့စာရင်းအရ ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်စုစုပေါင်း ၃၀၀၀၀ ကျော်၊ အိမ်ခြေ ၇၀၀၀ ကျော် ထပ်တိုးခဲ့ကြောင်း သိရပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013