ယူကရိန်းအရှေ့တောင်ပိုင်း နီးပရိုမြို့မှာ ဇူလိုင် ၃ ရက်က ရုရှားဒုံးကျည်နဲ့ ဒရုန်းတွေ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅ ဦးထက်မနည်း သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အတည်ပြု ပြောကြားခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးနဲ့ တာဝေးပစ်လက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့လည်း အနောက်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
နီးပရိုမြို့ရှိ ဆေးရုံတခုရဲ့ ပြတင်းပေါက်တွေ လွင့်ထွက်ခဲ့ပြီး စျေးဝယ်စင်တာတခုလည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။
ရုရှားဟာ မကြာသေးမီလတွေအတွင်း ယူကရိန်းမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပြီး သူ့တပ်ဖွဲ့ဝင်တွေဟာ ရှေ့တိုးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ရိုက်တာက ရရှိထားတဲ့ ဗီဒီယိုမှာတော့ ယူကရိန်းနိုင်ငံ နီးပရိုမြို့မှာ ပေါက်ကွဲမှုကြီးတခုကို ပြသခဲ့ပြီး သူငယ်တန်းကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ ပျက်စီးခဲ့ပြီး မြို့အနှံ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ နီးပရို ပက်ထရော့ဗ်စ်ခ်ဒေသကို ဒုံးကျည် ၇ စင်း၊ ရှာဟဒ်ဒရုန်း ၅ စင်းတို့နဲ့ ပစ်မှတ်ထားခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကနေ အဲဒီဒုံးကျည်နဲ့ ဒရုန်းတွေ အားလုံးကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
နီးပရိုမြို့တော်ဝန် ဘိုရစ္စ ဖီလာတို့ဗ်ဟာ ကြာသပတေးနေ့ကို ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပါတယ်။
ဒဏ်ရာရရှိသူ ၁၁ ဦးကို ဆေးရုံပို့ဆောင်ခဲ့ပြီး ၂ ဦးကတော့ သေရေးရှင်ရေး အခြေအနေလို့ နီးပရို ပက်ထရော့ဗ်စ်ခ်တဝိုက် ဒေသအုပ်ချုပ်ရေးမှူး ဆာဟီ လိုင်ဆက်ခ်က ပြောပါတယ်။
Source-Reuters