တရုတ်အာဏာပိုင်တွေ စီးနင်းဖမ်းဆီးခဲ့တဲ့ ထိုင်ဝမ်ငါးဖမ်းလှေနဲ့ လှေပေါ်ပါသူတွေကို ပြန်လွှတ်ပေးဖို့ ထိုင်ဝမ်ကမ်းခြေစောင့် အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
တရုတ်အာဏာပိုင်တွေဟာ ဇူလိုင် ၂ ရက် နှောင်းပိုင်းက ထိုင်ဝမ်ထိန်းချုပ်ရာ ကျွန်းအနီးရှိ တရုတ်ကမ်းရိုးတန်းအနီးမှာ လှည့်လည်နေတဲ့ ငါးဖမ်းသင်္ဘောကို စီးနင်းဖမ်းဆီးခဲ့ပြီး တရုတ်ဆိပ်ကမ်းကို ပို့ဆောင်ခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
တရုတ်မြို့တွေဖြစ်တဲ့ ရှားမန်းနဲ့ ချွမ်ကျိုး မြို့တွေအနီးရှိ ထိုင်ဝမ်အုပ်ချုပ်ခွင့်ရ ကန်းန်မန်းကျွန်းတွေအနီးမှာ ပြည်ကြီးငါးဖမ်းသင်္ဘောက ရှိနေတာဖြစ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
သူတို့ဟာ တရုတ်နိုင်ငံရဲ့ ငါးမဖမ်းရ သတ်မှတ်ချိန်မှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်နဲ့ ဆက်သွယ်ပြီးတော့ တံငါသည်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံအတွင်း ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့ပြီး သင်္ဘောပေါ်တက်ခဲ့တဲ့ နေရာဟာ တရုတ်နိုင်ငံ၊ ကျင်းကျန်းရှိ ရှဲန်းဟူမြို့ကနေ ၁၁ ဒသမ ၂ မိုင် အကွာက တရုတ်နိုင်ငံ ရေပိုင်နက်မှာ တည်ရှိပါတယ်။
ငါးဖမ်းသင်္ဘောပိုင်ရှင်ရဲ့ ပြောကြားချက်အရ ဇူလိုင် ၂ ရက် ညပိုင်းက သင်္ဘောပေါ် မတက်ခင်မှာ တရုတ်ဘက်မှ ငါးမဖမ်းရ ရာသီအတွင်း ဘာလှုပ်ရှားမှုမှ မလုပ်ဖို့ သတိပေးချက် ထုတ်လွှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ကမ်းခြေစောင့် အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ချုပ် ယှေ့ချင်းချင်းက“ကမ်းခြေစောင့်တပ်က ဒီအခြေအနေကို နိုင်ငံရေးအသုံးမချဖို့ ပြည်မကြီးဘက်ကို တောင်းဆိုထားပြီး စစ်ဆေးရခြင်း အကြောင်းရင်းကို မကြာခင်မှာ အမြန်ဆုံး ရှင်းပြလိမ့်မယ်လို့ မျှော်လင့်ထားပြီး ဖမ်းထားတဲ့ လှေနဲ့ လူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်ဘက်က သင်္ဘောကို ဘာကြောင့်သိမ်းထားတယ် ဆိုတာကို ရှင်းပြသင့်ကြောင်း တိုင်ပေမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အရင်ကိစ္စတွေတုန်းက တရုတ်ရဲ့ ငါးမဖမ်းရ ရာသီမှာ လုပ်ကိုင်ကြတုန်းကလည်း ဒဏ်ငွေ ပေးဆောင်စေပြီးနောက်မှာ ငါးဖမ်းသူတွေကို ပြန်လွှတ်ပေးခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ်တို့ဟာ ပိုင်နက်ကျူးလွန်တဲ့ ငါးဖမ်းလှေတွေကို အချင်းချင်း ဖမ်းဆီးနေကြတာဟာ အဆန်းတကြယ် မဟုတ်ပါဘူး။
အခုနှစ်အထိ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံမှ လှေ ၅ စင်းကို ထိန်းသိမ်းထားတယ်လို့ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
Source-Reuters