Home
နိုင်ငံတကာ
တရုတ်နိုင်ငံတွင်း AI နည်းပညာ ရင်းနှီးမြှုပ်နှံမှုအချို့ကို အမေရိကန် တားမြစ်
DVB
·
July 4, 2024
Photo - Reuters

တရုတ်နိုင်ငံထဲက ဉာဏ်ရည်တု AI ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတချို့ကို အမေရိကန်က ပစ်မှတ်ထားနေတာဟာ AI နည်းပညာ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူမဖြစ်ဘဲ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲသွားစေလိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အထူးသံတမန်က ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ ဉာဏ်ရည်တု AI နဲ့ တခြားနည်းပညာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတချို့ကို တားမြစ်ဖို့ ဒါမှမဟုတ် ကြိုတင် အကြောင်းကြားဖို့ လိုအပ်မယ့် စည်းမျဉ်းမူကြမ်းကို အမေရိကန်က ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဖှူခုံးက “ဒီပိတ်ဆို့အရေးယူမှုတွေကို ကျ‌ေနာ်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” လို့  သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

AI စွမ်းရည်တည်ဆောက်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ တရုတ်နိုင်ငံက ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုအပြီး ခုလိုပြောခဲ့တာပါ။

တီထွင် ထုတ်လုပ် အသုံးချမှု ဖြစ်စဉ်အဆင့်ဆင့်မှာ ဘေးကင်းလုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ ဉာဏ်ရည်တုစနစ်တွေကို တရားမျှတ၊ ပွင့်လင်းတဲ့၊ အားလုံးပါဝင်ပြီး ခွဲခြားမှုမရှိတဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို ပံ့ပိုးမြှင့်တင်ပေးဖို့ ကုလသမဂ္ဂက သူ့ဆုံးဖြတ်ချက်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။

အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အားလုံးပါဝင်နိုင်တဲ့ စီးပွားရေး ပတ်ဝန်းကျင်ကို အထောက်အကူမပြုလို့ ဆုံးဖြတ်ချက်ကို နောက်ပြန်ဆုတ်ဖို့ သံအမတ်ကြီး ဖှူက အမေရိကန်ကို တိုက်တွန်းခဲ့ပါတယ်။

ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကမ္ဘာ့စျေးကွက်တွေကို လွှမ်းမိုးနိုင်စေဖို့ အမေရိကန်ကုမ္ပဏီတွေက တရုတ်ကို ကူညီတာကို ဟန့်တားဖို့ ပိုကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးမှု တစိတ်တပိုင်းအဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ သြဂုတ်လက ညွှန်ကြားချက် အမိန့်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်ဘဏ္ဍာရေးဌာနက အဆိုပြုထားတဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013