ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမှာ ဇူလိုင် ၃ ရက် ညနေနဲ့ ၄ ရက် မနက်ပိုင်းမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး အရပ်သားတွေ ထပ်မံထိခိုက် ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုး၊ ရပ်ကွက် ၉ နယ်မြေ ၃ မှာ ဇူလိုင် ၄ ရက် မနက် ၈ နာရီခွဲကျော်လောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၂ ဦး ထပ်မံသေဆုံးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ရပ်ကွက် ၉ ဘက် လူထပ်ထိတယ်လို့ ကြားတယ်။ သားအမိ ၂ ယောက် ပွဲချင်းပြီး သေသွားတယ် ကြားနေတယ်။ ရပ်ကွက် ၉၊ ရပ်ကွက် ၁၀ တွေက လားရှိုးဘူဝာာဘက်ပဲ” လို့ ပြောပါတယ်။
ဘယ်သူဘယ်ဝါ ထိသွားသလဲဆိုတာ မသိရပေမဲ့ အရေးပေါ် လူနာတင်ယာဉ်တွေ သွားနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူတာဘက်နေထိုင်သူတဦးက “လက်နက်ကြီးတွေတော့ ပစ်နေတာပဲ။ ဘယ်ဘက်ကပစ်လို့ ပစ်မှန်းတောင် မသိနိုင်ဝော့ဘူး။ အတွဲလိုက်ဒုံးတွေရော ပစ်နေတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၃ ရက် ညနေကလည်း ရပ်ကွက် ၅၊ မန္တလေးမီးပွိုင့်အနီးက ပန်အုတ် ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးကျလို့ ပြည်သူ ၃ ဦး ထိခိုက်တာရှိတယ်လို့ သူက ပြောပါတယ်။
ဇူလိုင် ၃ ရက် တရက်တည်း လားရှိုးမြို့တွင်း ရပ်ကွက် ၇ ကွက်သစ်က ဂျာမန်ရွာ စာသင်ကျောင်းအောက်နဲ့ နေအိမ်တအိမ်ဘေး၊ ရပ်ကွက် ၁ ဗျူဟာလမ်း၊ သာယာလမ်းသွယ်၊ ရပ်ကွက် ၅ ပန်အုတ်ကျောင်း၊ ရပ်ကွက် ၁၀ မီးပွိုင့်အနီး၊ ရပ်ကွက် ၁၀ တောရကျောင်းအနီး၊ ဂေါက်ကွင်း၊ မြို့ဝမ်၊ ရပ်ကွက် ၉ စစ်မှုထမ်းဟောင်းအိမ်ရာအနီး၊ ရန်အောင်မြင်ဘုရား အဆင်းက ဖိုးပြုံးချို ကားဝပ်ရှော့ရှေ့ စတဲ့နေရာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၃ ရက် မနက်ပိုင်း ဗျူဟာလမ်း၊ သာယာလမ်းသွယ်မှာ လက်နက်ကြီး ထိမှန်တဲ့ မိသားစု ၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။
MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၃ ရက် မနက် ၄ နာရီခန့်ကစပြီး လားရှိုးနဲ့ အနီးဝင်းကျင်ကို (မိုင်းတင်၊ နမ့်ဟူး၊ နောင်မွန်၊ နမ့်ပေါင် စသဖြင့်) စစ်မျက်နှာ ၄ ခုဖွင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။