ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံကနေ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့အမှုအတွက် ကနေဒါ၊ ပြင်သစ် တို့အပါအဝင် နိုင်ငံ ၇ နိုင်ငံကို ကြားဝင်ဆောင်ရွက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက်စွဲနဲ့ ICJ ကနေ ထုတ်ပြန်လိုက်တာဖြစ်ပြီးတော့ အဆိုပါ နိုင်ငံတွေထဲမှာ ကနေဒါ၊ ပြင်သစ်တို့နဲ့အတူ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက်နိုင်ငံတွေ ပါဝင်နေတာပါ။
အဆိုပါ ၇ နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက ကမ္ဘာ့တရားရုံးလို့ လူသိများတဲ့ ICJ မှာ အဆိုပါအမှုကို ကြားဝင်ဆောင်ရွက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာလို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က ICJ တရားရုံးမှာ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ပထမ အကြိမ်ကြားနာစစ်ဆေးမှုမှာတော့ မြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ကိုယ်တိုင်သွားရောက် ဦးဆောင်ခုခံချေပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ လူမျိုးတုံး သတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေကို "ဘက်လိုက်မှုနဲ့ ချို့ယွင်းချက်" အဖြစ် ငြင်းဆိုထားသလို ဒီဖြိုခွင်းမှုက ရိုဟင်ဂျာ သူပုန်တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ်လို့ ခုခံငြင်းဆိုခဲ့ပေမယ့် ဒီကန့်ကွက်ချက်ကို ICJ က ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ကတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးလုပ်ခဲ့ချိန်မှာ ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာစစ်တပ်က သေနတ်နဲ့ ပစ်တာတွေ၊ မုဒိမ်းကျင့်တာတွေ၊ သေတဲ့အထိ ရိုက်နှက်တာတွေ၊ ရေနှစ်သတ်တာတွေ၊ အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာတွေ လုပ်ခဲ့ကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၈ သိန်းခန့်ရဲ့ တဝက်ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ပြောထားပြီး ဒီကိစ္စဟာ လူမျိုးရှင်းလင်းရေးအထိ ရည်ရွယ်ချက်ရှိတယ်လို့ ကောက်ချက်ဆွဲထားတာပါ။
လတ်တလော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ထုတ်ပြန်ချက်မှာတော့ သက်ဆိုင်ရာနိုင်ငံ ၇ ခုက သူတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ အကြောင်းအရာနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို စာရေးပြီး တင်ပြခွင့်ပြုမယ်လို့ ဖော်ပြထားကာ နှုတ်နဲ့ထွက်ဆိုချက်တွေအတွက် အခွင့်အာဏာရှိ၊ မရှိကိုတော့ တရားရုံးက နောက်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။