Home
မြန်မာသတင်း
မြန်မာ MoU အလုပ်သမား အယောက် ၁၃၀ လုပ်ခလစာ မရသဖြင့် အခက်ကြုံ
DVB
·
July 4, 2024
ထိုင်းရောက် မြန်မာ MoU အလုပ်သမားများ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီရတ်ချာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ မြန်မာ MoU အလုပ်သမား အယောက် ၁၃၀ ဟာ လုပ်ခလစာ မရရှိသေးတာကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စီရတ်ချာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ နှစ်နိုင်ငံ သဘောတူညီစာချုပ် MoU စနစ်နဲ့ အလုပ်လုပ်ကိုင်တဲ့ မြန်မာ အလုပ်သမား အယောက် ၁၃၀ ဟာ ဇွန်လအတွက် လုပ်ခလစာ မရရှိသေးတာကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ကာယကံရှင် အလုပ်သမားတွေဆီက သိရပါတယ်။

အဲ့ဒီ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တနှစ်ကျော် အလုပ်လုပ်ကိုင်လာတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က လွန်ခဲ့တဲ့လတွေမှာ ပုံမှန်လုပ်အားခ ရှင်းပေးခဲ့ပေမယ့် ပြီးခဲ့တဲ့လကစလို့ လုပ်အားခ ရှင်းမပေးတော့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမား အယောက် ၁၃၀ အတွက် ရရှိဖို့ လုပ်ခလစာက တဦးကို ပျှမ်းမျှ ဘတ် ၁၆,၀၀၀ နှုန်းနဲ့ စုစုပေါင်း ဘတ်ငွေ သိန်း ၂၀ ကျော် ရဖို့ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဆောက်လုပ်ရေး အလုပ်သမားတဦးက “ကျနော်တို့မှာ စားစရာ မရှိတော့ဘူး။ ပိုက်ဆံလေးကို ထုတ်ပေးပါ။ တကယ်လို့ အပြည့်မရှင်းနိုင်ခဲ့ရင် တဝက် ထုတ်ပေးပါ စားဖို့သောက်ဖို့ မရှိတော့ဘူး။ ကုမ္ပဏီကနေ ပြောလာတာက သူတို့မှာ ပိုက်ဆံမရှိဘူးပေါ့။ သူတို့ကလည်း အခြားကုမ္ပဏီကြီးကနေ ငှားထားတာ ဖြစ်တဲ့အတွက် အဲ့က မရှင်းပေးလို့ ကျနော်တို့ကို မရှင်းပေးနိုင်ဘူး ပြောတယ်။ ကျနော်တို့အနေနဲ့ WAG အဖွဲ့ကို အကူညီ တောင်းထားတယ်။ ကိုမုန်တိုင်းတို့အဖွဲ့က အတတ်နိုင်ဆုံး ကူညီပေးမယ် ပြောတယ်။ တိုင်ချက်ဖွင့်တဲ့အပေါ်မှာ ကူညီပေးတယ်။ လုပ်အားခ အရမ်းကို လိုချင်နေပါပြီ။ စားဖို့ သောက်ဖို့ မရှိတော့ဘူး။ မိသားစုကလည်း လစာကို မျှော်နေပြီ။ ပြောစရာတွေက အများကြီးပဲ။ အခုလက်ရှိ ကုမ္ပဏီမှာ ထိုင်းနိုင်ငံမှာ အလုပ်သမား အခွင့်အရေးလည်း မရရှိဘူး။ လုပ်ခလစာကို နေ့ရွှေ့ညရွှေ့ ရက်ပေါင်းမနည်းတော့ဘူး။ ကျနော်တို့ သည်းခံလာတာ အတော်များပါပြီ။ အခု တော်တော်ကြီး မခံနိုင်တော့လို့ အကူညီတောင်းတာပါ” လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ခလစာ မရရှိသေးတဲ့ အခက်အခဲကို WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီ အကူအညီ တောင်းခံထားပြီး၊ WAG ကတဆင့် ထိုင်းနိုင်ငံ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးရုံး (ဆာဝါဒီကန်ရုံး) ထံ တိုင်ကြား အမှုဖွင့်ထားကြောင်းလည်း WAG တာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။

“အခုလက်ရှိကတော့ အမှုတည်ဆောက်ထားတယ်။ ဘာလို့လဲဆိုတော့ အလုပ်သမားတွေ တနင်္ဂနွေရက်တွေမှာ အလုပ်ဆင်းပေမဲ့ လုပ်အားခ နှစ်ဆ မရတာတွေ။ နောက်ပြီးရင် လုပ်အားခတွေ မပေးသေးဘူးပေါ့။ ဒါပေမဲ့ စက်ရုံကြေးက ပေးပြီး၊ အလုပ်သမားပွဲစားက မပေးသေးဘူး။ ဒါကြောင့် အလုပ်သမား‌ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး (ဆဝါဒီကန်) ရုံးမှာ အမှု တင်ထားတယ်။ ကျနော့်အနေနဲ့ ပြောချင်တာက လက်ရှိ မြန်မာပြည်သားတွေ မြန်မာပြည်ကနေ စာချုပ်ချုပ်လာရင် MoU တွေ တဖြည်းဖြည်း တင်သွင်းလာတယ်။ ကုမ္ပဏီဘက်က ဖိုးလမောင်းတွေနဲ့ စာချုပ်ချုပ်လာရင် ဆောက်လုပ်ရေးနဲ့ စာချုပ်ချုပ်တာတွေကို သတိထားစေချင်တယ်။”

အလုပ်သမားတွေဟာ လုပ်ငန်းခွင်အတွင်း အလုပ်လုပ်စဉ်မှာလည်း အလုပ်သမား အခွင့်အရေး အပြည့်အဝ မရရှိဘဲ၊ နှစ်စဉ် အလုပ်ပိတ်ရက် အပြည့်အဝ မရတာ၊ အလုပ်နားရက်တွေ ဆင်းတဲ့အခါ လုပ်ခ နှစ်ဆ မရရှိတာနဲ့ အလုပ်ချိန် နောက်ကျမှ ပြန်ရတာ စတာတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

အလုပ်သမားတဦးက “အလုပ်သမားအရေးဘက်မှာ အကူညီ တောင်းထားတာက ကျနော်တို့က နေ့စားခ ပုံမှန် ရရှိရေး၊ နောက်ပြီးတော့ အလုပ်သမားအခွင့်အရေးပေါ့။ ကျနော်တို့မှာ ရက်မှန်ကြေးရတာ တခုတော့ ရှိတယ်။ ဒါပေမဲ့လည်း အလုပ်ပိတ်ရက် နားရက်တွေမှာ ဥပမာ- တနှစ်တာ ပိတ်ရက်တွေမှာ နှစ်ပတ် မရကြဘူး။ တနင်္ဂနွေနေ့မှာ ဆင်းတာလည်း နှစ်ဆ မရကြဘူး။ တချို့ အလုပ်ဆင်းရက်တွေမှာ ဥပမာ- မိုးရွာလို့ ၁၀ နာရီပြန်ရတာတို့၊ ၁၂ နာရီ ပြန်ရတာတို့ဆို ဒါတွေလည်း နေ့စားခ မရဘဲ ပြန်ရတာတွေလည်း ရှိခဲ့တယ်”လို့ ပြောပါတယ်။

အခုနောက်ပိုင်း ထိုင်းကို နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နဲ့ လာရောက်ကြတဲ့ အလုပ်သမားအများစုမှာ အခုလို လုပ်ခလစာ ပြဿနာတွေ၊ လုပ်ငန်းခွင်နဲ့ အလုပ်စာချုပ်ထဲက အလုပ်တို့ မတူညီတဲ့ ပြဿနာတွေ များစွာ ကြုံနေရတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

MoU အလုပ်သမားတွေအနေနဲ့ မြန်မာပြည်မှာကတည်းက မူလစာချုပ် ချုပ်ဆိုထားတဲ့ အလုပ်အကိုင် အတိုင်းသာ လုပ်ကိုင်ကြဖို့နဲ့၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း သက်ဆိုင်ရာ အလုပ်သမားရုံးတွေဆီ တိုင်ကြားကြဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။

ထိုင်းနိုင်ငံတွင်း တရားဝင် လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက် ၄ သန်းနီးပါးရှိပြီး၊ အထောက်အထားမဲ့ လုပ်သားကတော့ ၂ သန်းကျော် ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်းပါတယ်။ 

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013