အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်မှာ အမျိုးသားတဦးဟာ မျက်မြှေးရောင်ခြင်း (ပန်းရောင်မျက်လုံး) အပါအဝင် အပျော့စားလက္ခဏာတွေကို ခံစားခဲ့ရပြီးနောက် သူဟာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကော်လိုရာဒိုရှိ ပြည်သူ့ကျန်းမာရေးအရာရှိတွေက ဇူလိုင် ၃ ရက်မှာ ကြေညာပါတယ်။
အဲဒီအမျိုးသားဟာ နို့စားမွေးမြူရေးခြံက ဝန်ထမ်းတဦးဖြစ်ပြီး ရောဂါပိုးရှိတဲ့ ကျွဲနွားတွေနဲ့ ထိတွေ့ခဲ့ရပြီးတော့ ဗိုင်းရပ်စ် ပိုးသတ်ဆေး ကုသမှု ခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
ဒါဟာ မတ်လတုန်းက နွားတွေမှာ ဗိုင်းရပ်စ်ကို အတည်ပြုနိုင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်မှာ စတုတ္ထမြောက် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အရင်ဖြစ်ပွားမှု ၃ ခုမှာလည်း နေပြန်ကောင်းလာတဲ့ နို့စားနွား မွေးမြူရေးလုပ်သားတွေ ပါဝင်ခဲ့ပါတယ်။
ပထမ အလုပ်သမား ၂ ဦးက အပျော့စား ပန်းရောင်မျက်လုံးကို ခံစားရပြီး တတိယလူကတော့ အပျော့စား အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကို ခံစားခဲ့ရပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန ထုတ်ပြန်ချက်မှာတော့ နောက်ဆုံးဖြစ်ပွားမှုကို အတည်ပြုခဲ့ပြီး အများပြည်သူအတွက် အန္တရာယ်နည်းပါးနေသေးကြောင်း မှတ်ချက်ပြုထားပါတယ်။ ဒါပေမဲ့ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့မိသူတွေမှာ အန္တရာယ်ပိုများပါတယ်။
အမေရိကန် စိုက်ပျိုးရေးဌာနရဲ့ အဆိုအရ အဲဒီဗိုင်းရပ်စ်ဟာ ပြည်နယ် ၁၂ ခုရှိ မွေးမြူရေးခြံ ၁၃၉ ခုမှာ နွားတွေကို ကူးစက်ခဲ့ပြီး ကော်လိုရာဒိုမှာ အဲဒီရောဂါဖြစ်ပွားတဲ့ တိရစ္ဆာန် ၂၇ ကောင်ရှိကြောင်း သိရပါတယ်။
Source-Reuters