ဟာရီကိန်းမုန်တိုင်း ဘဲရဲလ်ဟာ ဇူလိုင် ၃ ရက်က ကာရစ်ဘီယံကျွန်းနိုင်ငံ ဂျမေကာကို ပြင်းပြင်းထန်ထန် လှုပ်ခါပစ်ခဲ့ပြီး သစ်ပင်တွေ အမြစ်လန်၊ ခေါင်မိုးတွေ ပြုတ်ထွက်ပြီးတော့ လယ်ကွင်းတွေလည်း ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်တွေမှာ ဟာရီကိန်းကြောင့် ကာရစ်ဘီယံကျွန်းငယ်တွေတလျှောက် ရေတွေအိုင်လျှံကာ အပျက်အစီးတွေနဲ့ လမ်းကြောင်းဖြစ်ကျန်ခဲ့တာပါ။
အင်အားပြင်း အမျိုးအစား ၄ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ အနည်းဆုံး ၉ ဦးအထိ မြင့်တက်လာပြီး ရေကြီးရေလျှံမှုတွေနဲ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ကျွန်းတွေတလျှောက် အွန်လိုင်းမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်တက်လာတာကြောင့် သေဆုံးသူအရေအတွက် ထပ်တက်လာဦးမယ်လို့ ခန့်မှန်းရပါတယ်။
ဂျမေကာမှာ မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ ကျွန်းတောင်ပိုင်း ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသက်လေပြင်း ရွာချတိုက်ခတ်ခဲ့တာကြောင့် အရေးပေါ်အဖွဲ့တွေက ရေဘေးသင့်ရပ်ရွာတွေမှာ နေထိုင်ကြသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအထိ ကယ်ဆယ်ရေးစခန်းတွေမှာ ဂျမေကန်နိုင်ငံသား ၅၀၀ နီးပါး ခိုလှုံနေကြကြောင်း ဝန်ကြီးချုပ် အန်ဒရူး ဟိုလ်နက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး လူတွေကိုလည်း အန္တရာယ်များတဲ့ဒေသတွေကနေ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
ဂျမေကာမြို့တော် ကင်းစ်တန်နဲ့ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ မွန်တီဂို ပင်လယ်အော်ရှိ လေဆိပ်တွေကို တနေ့တာလုံး ပိတ်ထားခဲ့ပါတယ်။
ဂျမေကန်ဒေသခံတွေဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအတွက် ပြင်ဆင်ထားကြကြောင်း လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပြီး မြို့တော်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းကာ လေပြင်းတွေလည်း တိုက်နေတာကြောင့် ကမ်းနားအနီးက လမ်းတွေလည်း ရေမှာမျောပါနေပြီလို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းအချိန်မှာ မြန်မြန်ဆန်ဆန် ရစ်ပတ်လှည့်လည် လှုပ်ခတ်နေတဲ့ ဟာရီကိန်းရဲ့ ဗဟို မုန်တိုင်းမျက်စိဟာ ကင်းစ်တန်ရဲ့ အရှေ့တောင်ဘက် ၄၅ မိုင်အကွာမှာ တည်ရှိနေကြောင်း အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာ (NHC) အဆိုအရ သိရပါတယ်။
မုန်တိုင်းမျက်စိ အပြင်လမ်းကြောင်းတွေမှာလည်း လူဦးရေ ၃ သန်းနီးပါးရှိတဲ့ ကျွန်းရဲ့ နေရာအများစုကို အားပြင်းတိုက်ခတ်နေတာပါ။
ဟာရီကိန်းမုန်တိုင်း ဘဲရဲလ် ဟာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၁၄၀ ရှိပါတယ်။
နောက် ၂ ရက်အတွင်း လေဖိအားနည်းရပ်ဝန်း အနည်းငယ် လျော့နည်းသွားမယ်လို့ NHC က ခန့်မှန်းထားပြီး ဘဲရဲလ်မုန်တိုင်းဟာ ကေးမန်ကျွန်းစုတွေဆီကို ရွေ့လျားလာချိန်မှာ အဓိက ဟာရီကိန်း အားကောင်းတဲ့နေရာမှာ သို့မဟုတ် အားကောင်းတဲ့နေရာအနီးမှာ ဆက်ရှိနေလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
Source-Reuters