ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲနေလို့ အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေက DVB ကိုပြောပါတယ်။
လားရှိုးမြို့ပြင်ပတ်လည်မှာ ဇူလိုင် ၂ ရက် ညကတည်းက ဖြစ်ပွားနေတဲ့ နှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေအတွင်း မြို့ပေါ်လူနေရပ်ကွက်တွေထဲကို ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲနေလို့ ၄၈ နာရီအတွင်း အရပ်သားပြည်သူ ၁၀ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး လက်ရှိလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုတွေအတွင်း ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးကျည်တွေဟာ ရပ်ကွက်အတွင်းက လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို ထိမှန်ခဲ့တာပါ။
မြို့တွင်းမှာ လက်နက်ငယ် ပစ်ခတ်သံတွေကြားနေရပေမဲ့ စစ်ကောင်စီတပ်ကနေပဲ တဖက်သတ် ပစ်ခတ်နေတဲ့ အသံတွေပဲ ကြားနေရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့က စာသင်ကျောင်းတွေ နေအိမ်နဲ့ ဈေးဆိုင်အများစု ပိတ်ထားကြကာ ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။
ဇွန် ၂၅ က စတင်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်နဲ့ နွေဦးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကို ဖော်ဆောင်နေတာပါ။
လက်ရှိဖြစ်ပွားနေတဲ့ အရပ်သား သေဆုံးနှုန်းဟာ နေ့စဉ်မြင့်တက်နေတယ်လို့ ဒေသတွင်း သတင်းတွေအ ရသိရပါတယ်။
ခွန်ဇော်ဦး