ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယံတိုင်ရွာနေ ခွန်တငွေကို PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့တဲ့အပြင် ခွန်မောင်ပေကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၃ ရက် မနက် ၇ နာရီလောက် အသုဘအိမ်တွင်ရှိစဉ် လာရောက်ပစ်သတ်ခဲ့ပြီးနောက် သေဆုံးသွားတဲ့ ခွန်တငွေအလောင်းကိုလည်း PNO ပြည်သူ့စစ်က သယ်သွားခဲ့တယ်လို့ ဆိုပါတယ်။
PNLA တပ်မှ ခွန်ရိန်းယံက "ရိုးရိုးရှင်းရှင်းပြောရရင် ဒါက ယုတ်မာမှုထဲမှာမှ အယုတ်မာဆုံး လုပ်ရပ်ဖြစ်ပါတယ်။ အပ်တိုတချောင်းတောင်မရှိတဲ့ ပြည်သူလူထုကို လက်နက်အားကိုးပြီး အနိုင်ကျင့်တယ်၊ သတ်ဖြတ်တယ်၊ တော်တော်အောက်တန်းကျတယ်ပေါ့နော်” လို့ ပြောပါတယ်။
ပစ်သတ်ခံရသူ ခွန်တငွေ အလောင်းကို ဇူလိုင် ၃ ရက် ညနေမှ ရွာသားတွေက ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ထမ်းယံတိုင်ရွာခံတဦးက ပြောပါတယ်။
“ခွန်မောင်ပေကို ဘယ်မှာဖမ်းသွားလဲမသိဘူး။ ခုထိလည်း အဆက်သွယ်မရဘူး ရွာသားတွေ၊ သူ့မိသားစုဝင်တွေ စိုးရိမ်နေကြတယ်။ ဒါက အပြစ်မရှိတဲ့ပြည်သူကို အကြောင်းမဲ့ ပစ်သတ်ဖမ်းဆီးတာ။”
ထမ်းယံတိုင်ရွာမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေ တပ်စွဲထားပြီး ရွာသားတွေကို ရွာပြင်ပေးမထွက်ကြဘူးလို့ သိရပါတယ်။
ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်က ရွာသားတွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာ ၁၀ ကြိမ်ထက်မနည်း ရှိခဲ့ပြီလို့ PNLA ထုတ်ပြန်ချက်အရ သိရပါတယ်။