အစ္စရေးနိုင်ငံမြောက်ပိုင်း ကားမျဲလ်မြို့ရှိ စျေးဝယ်စင်တာတခုမှာ ဇူလိုင် ၃ ရက်က လူ ၂ ဦးကို ဓားနဲ့ထိုးခဲ့သူရဲ့ ဆွေမျိုးအများအပြားကို ဖမ်းဆီးခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။
ဓားထိုးခံရသူ ၂ ဦးလုံးဟာ အသက် ၂၀ အရွယ်တွေပဲ ဖြစ်ကြပြီး ဓားထိုးခံရမှုအတွင်း လူတဦး သေဆုံးပြီး တခြားတဦး ဒဏ်ရာရရှိသွားကာ တိုက်ခိုက်သူကိုလည်း အသေပစ်သတ်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာတွေက ပြောပါတယ်။
အကြမ်းဖက်သမားဟာ ခြေလျင်ရောက်လာပြီး ရှော့ပင်းမောလ်ထဲကိုဝင်၊ အရပ်သား ၂ ဦးကို ဓားနဲ့ထိုးခဲ့တာလို့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရှူကိ တာဟောက်ကာက ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သံသယရှိစရာ အကြမ်းဖက်တိုက်ခိုက်မှုလို့ ပြောကြားပြီး တိုက်ခိုက်သူကိုလည်း ရှင်းလင်းလိုက်ပြီလို့ ဆိုပါတယ်။
မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရှူကိ တာဟောက်ကာ ကတော့ ရဲတပ်ဖွဲ့ဟာ အဲဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပြီး ဧရိယာတဝိုက်မှာ အထူးသတိပေးထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ တိုက်ခိုက်သူ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့ သူ့အမည်ကို မထုတ်ဖော်ခဲ့ပါဘူး။
အစ္စရေးရဲ့ Ynet သတင်းဝက်ဘ်ဆိုက်မှာတော့ တိုက်ခိုက်သူလို့ စွပ်စွဲခံရသူဟာ အာရပ်လူနည်းစုဝင် များစွာ နေထိုင်ကြတဲ့ အစ္စရေးမြို့ နာဟက်ဖ်မှ ဂျိုဒ်ရာဘီယာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ဟာ အထွေထွေလုံခြုံရေးတပ်ဖွဲ့နဲ့အတူ နာဟက်ဖ်မြို့ရှိ အကြမ်းဖက်သမားရဲ့ နေအိမ်ကို ရောက်ရှိခဲ့ပြီး အကြမ်းဖက်သမားရဲ့ မိသားစုဝင် ဆွေမျိုးအများအပြားကို ဖမ်းဆီးထားကြောင်းလည်း အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက် ကြီးကြပ်ရေးမှူး အယ်လီလဲဗီက ပြောပါတယ်။ တပ်ဖွဲ့ဝင်တွေ အများကြီးကိုလည်း တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို သူရဲကောင်းဆန်တဲ့ စစ်ဆင်ရေးလို့ ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် စစ်သွေးကြွအုပ်စုရဲ့ တယ်လီဂရမ်မှာ ဖော်ပြထားပေမဲ့ ဒီဖြစ်ရပ်အတွက် ဘယ်အဖွဲ့ကမှ တာဝန်ယူပြောဆိုမှု မရှိသေးပါဘူး။
Source-Reuters