Home
မြန်မာသတင်း
ရည်ညွှန်းဈေးအပေါ် ၈ ရာခိုင်နှုန်းထက်ပိုပြီး မရောင်းရန် ဆန်စပါးအသင်းချုပ် ထုတ်ပြန်
DVB
·
July 4, 2024

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဇူလိုင်လအတွက် သင့်တင့်မျှတတဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေကို သတ်မှတ် ထုတ်ပြန်လိုက်ပါတယ်။

ရည်ညွှန်းသတ်မှတ်ဈေးတွေကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ဆန်တအိတ်ကို အနည်းဆုံး ကျပ် ၆၉,၀၀၀ ကနေ ကျပ် ၁၄၅,၀၀၀ အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေထဲက ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ကရင်မ၊ ထွန်းပု စတဲ့ ဆန်အမျိုးအစားတွေကိုတော့ တအိတ်ကို ကျပ် ၆၉,၀၀၀ ကနေ ကျပ် ၈၈,၀၀၀ ကြား သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြည်ပတင်ပို့တာနဲ့ ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်အုပ်စုတွေဖြစ်တဲ့ ရက် ၉၀၊ မနောသုခ၊ ဗျော့ထွန်း၊ နှံကောက်၊ ဇီယာ၊ ငွေတိုး စတဲ့ ဆန်အမျိုးအစားတွေကိုတော့ တအိတ်ကို ကျပ် ၈၀,၀၀၀ ကနေ ကျပ် ၉၀,၀၀၀ ထိ သတ်မှတ်ထားပါတယ်။

ဧရာမင်း၊ အညာသား၊ ပခန်း၊ မှော်ဘီ၊ လုံးသွယ်မွှေး စတဲ့ ဆန်အမျိုးအစားတွေကတော့ တအိတ်ကို ကျပ် ၉၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ အထိ၊ အရည်အသွေးကောင်းတဲ့ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်အမျိုးအစားတွေကိုတော့ တအိတ်ကို ကျပ် ၁၂၀,၀၀၀ ကနေ ကျပ် ၁၃၀,၀၀၀ ထိ သတ်မှတ်ထားပါတယ်။

ပေါ်ဆန်းအုပ်စုတွေကိုလည်း ဆန်အမျိုးအစားအလိုက် တအိတ်ကို အနိမ့်ဆုံး ကျပ် ၉၅,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၄၅,၀၀၀ အထိ သတ်မှတ်ထားပါတယ်။

ဈေးကွက်အတွင်း ရောင်းချရာမှာ အဲဒီ သတ်မှတ်ဆန်ဈေးနှုန်းတွေအပေါ် ၈ ရာခိုင်နှုန်းထက် ပိုပြီး ရောင်းချခြင်းမပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဈေးအရောင်းစင်တာ (Supermarket၊ Mini Market) တွေမှာ Consumer Packaging နဲ့ ရောင်းချမှုအတွက် ရွှေဘိုပေါ်ဆန်း တကီလိုဂရမ် ကျပ် ၃,၅၀၀ ကနေ ကျပ် ၃,၈၀၀ အတွင်း၊ ဧရာဝတီပေါ်ဆန်း တကီလိုဂရမ် ကျပ် ၃,၀၀၀ ကနေ ကျပ် ၃,၃၀၀ အတွင်း၊ ရက် ၉၀/အထူးဧည့်မထ တကီလိုဂရမ် ကျပ် ၂,၂၀၀ ကနေ ကျပ် ၂,၅၀၀ အတွင်း သတ်မှတ်ပေးထားပါတယ်။

အခုလို ရည်ညွှန်းဈေး သတ်မှတ်‌ပေးရာမှာ စိုက်ပျိုးတောင်သူ၊ ဆန်စက်လုပ်ငန်းတွေ၊ သိုလှောင်ဖြန့်ဖြူး ရောင်းချသူတွေနဲ့ စားသုံးသူတွေအတွက် သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်း ဖြစ်စေဖို့ ‌ညှိနှိုင်းဆောင်ရွက်ထားတာ ဖြစ်တယ်လို့လည်း အသင်းချုပ် ထုတ်ပြန်ချက်က ဆိုထားပါတယ်။

အဆိုပါသတ်မှတ်ဈေးတွေနဲ့ ရောင်းချခြင်းမရှိတဲ့ အခြေအနေတွေကို သိရှိပါက စားသုံးသူရေးရာဦးစီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ကို အသိပေး တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အ‌နေနဲ့ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ၅ ခုက ဆန်အရောင်းဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေမှာ ရည်ညွှန်းဈေးနဲ့ ဆန်ဝယ်ယူနိုင်တယ်လို့လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းဆန်ဈေးတွေ အဆမတန် ကြီးမြင့်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဇွန် ၂၁ ရက်မှာ ဆန်ကုန်သည်ေတွ၊ ဆန်စက်‌ေတွကို ဖမ်းဆီးအရေးယူတာ၊ ဆန်စက်တွေ၊ ဂိုဒေါင်နဲ့ ပွဲရုံတွေကို ချိပ်ပိတ်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချမယ့် အစီအစဉ်တွေကို ဆက်တိုက် ထုတ်ပြန်လာတာဖြစ်ပြီး ဆန်ဈေးကို သတ်မှတ်ဈေးထက် ပိုရောင်းချတဲ့ City Mart ရဲ့ စီအီးအို အပါအဝင် လုပ်ငန်းရှင်တွေကို စကစက အရေးယူခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013