Home
မြန်မာသတင်း
ဇွန်လအတွင်း ရဲနှင့်စစ်သား ၄၃ ဦး သေနတ် ၁၈ လက်ဖြင့် အလင်းဝင်၊ ရွှေဘိုတွင် တိုက်ပွဲဖြစ်
DVB
·
July 4, 2024

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ် လက်အောက်က တပ်ဖွဲ့၀င် ၄၃ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ဆက်သွယ်ပြီး အရာရှိအဆင့် ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးနဲ့ ဒုရဲမှူး ၁ ဦး အပါအဝင် တပ်သားအဆင့်နဲ့ ရဲတပ်ဖွဲ့ဝင် ၄၃ ဦးတို့ဟာ စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၄၃ ဦးထဲကနေ လက်နက်ယူဆောင်လာသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ပြီး ယူဆောင်လာတဲ့ လက်နက်မျိုးစုံ ၁၈ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်တယ်လီဂရမ် @MyanmarPeople (သို့မဟုတ်) နီးစပ်ရာ PDF၊ ပကဖတွေနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်း အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်မုခ်ပေါက်မှာ အထိုင်ချပြီး စစ်ဆေးရေးလုပ်တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင် ၄ ရက် နေ့ခင်း ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားကားတွေ၊ လိုင်းကားတွေနဲ့ ကုန်ကားတွေ လမ်းပိတ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတဦးက “ပစ်ခတ်နေတာကတော့ အုန်းအုန်းဒိုင်းဒိုင်းပဲ။ သူတို့ တိုက်ပွဲဖြစ်ကြ‌တော့ အနီးဝန်းကျင်က လူတွေ ထွက်ပြေးသူတွေ ထွက်ပြေးကြရတယ်။ လူနေအိမ်တွေထဲလည်း ပုန်းသူက ပုန်းနေကြတယ်။ ခရီးသွားကားတွေလည်း ဆက်သွားလို့မရဘဲ လမ်းပေါ်ပိတ်မိနေကြတယ်။ ကျနော်တို့လည်း အခုထိ ကိုယ့်အိမ်ကို ပြန်မဝင်ရဲကြသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲကို ရွှေဘိုမြို့နယ် တိုက်နယ် ၅ ဂဠုန်ကြီး ပကဖ ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီ ကာကွယ်ရေးတပ်ဖွဲ့၊ (တဂဏ)နဂါးမင်း ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံပကဖ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်တဦးက “ကျနော်တို့တိုက်ပွဲက မီတာ ၁၀၀ အနီးအထိ သွားပြီး တိုက်ခဲ့တာဗျ။ စစ်ကောင်စီဘက်က အသေအပျောက် မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက်‌မရှိခဲ့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ခရီးသွားကားတွေနဲ့ လမ်းသွားလမ်းလာ ဒေသခံပြည်သူတွေကို စစ်ဆေးနေပြီး ကုန်ကားတွေကိုလည်း ငွေကြေးတောင်းခံတာတွေ ပြုလုပ်တယ်လို့ ကာသမားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013