Home
မြန်မာသတင်း
တောင်ငူတွင် ပျူစောထီးထံမှ စိတ်ကြွမူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ  
DVB
·
July 4, 2024
Photo Crd-သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အရိပ်စစ်ဆင်ရေး (Operation Shadow) အနေနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၆ ဦးကို ရှင်းလင်းခဲ့ပြီး စိတ်ကြွမူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းအဖွဲ့ထံက သိရပါတယ်။

ဇွန် ၂၅ ရက် မနက် ၁၀ နာရီက တောင်ငူမြို့နယ်၊ ကွမ်းပင်အုပ်စု၊ ကျောက်လုံးကြီးကျေးရွာက ပျူစောထီးခေါင်းဆောင် အေးကိုနဲ့ ကွမ်းပင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ကျော်စိုးနိုင်တို့ကို ရှင်းလင်းနိုင်ခဲ့ပြီး ဇွန် ၂၇ ရက် မွန်းတည့် ၁၂ နာရီမှာ ကွမ်းပင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ကိုငြိမ်း၊ မောင်ဌေးနဲ့ မမိုးမိုးတို့ကိုလည်း  တပြိုင်တည်း ရှင်းလင်းနိုင်ခဲ့ကြောင်း YOMA GBK PDF အဖွဲ့က  ဇူလိုင် ၃ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။

YOMA GBK ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ပြန်ကြားရေးတာဝန်ခံတဦးက “သူတို့ ၆ ဦးစလုံးက စစ်ကောင်စီရဲ့ ထောက်လှမ်းရေးကွန်ရက်တွေမှာ ပုံစံမျိုးစုံနဲ့ အလုပ်လုပ်နေကြတာ။ နောက်ဆုံး Operation က ပျူခေါင်းဆောင် လောရှည်ဆိုရင် ဒီနယ်တဝိုက်မှာ ဒုတိယနာမည်အကြီးဆုံးပဲ။ သူ့လက်ချက်နဲ့ တော်လှန်ရေးအတွက် ခဲယမ်းလမ်းကြောင်းတွေ အဖမ်းခံခဲ့ရဖူးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၁ ရက် မနက် ၈ နာရီမှာလည်း ကွမ်းပင်ကျေးရွာက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသူ ပျူစောထီးခေါင်းဆောင် လောရှည်ကို တောင်ငူ-လိပ်သို လမ်းပိုင်းတနေရာမှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

လောရှည်ထံကနေ စစ်မှုထမ်းရမယ့်လူစာရင်း၊ WY စာတန်းပါ တန်ဖိုးငွေ သိန်း ၁၂၀ နီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၊ Sony ကင်မရာတလုံး၊ မိုဘိုင်းဖုန်း ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ မှတ်ပုံတင်နဲ့ လိုင်စင်ဓာတ်ပုံ ၅ ခု၊ အင်းအိုင်အဆောင်လက်ဖွဲ့တွေနဲ့ စစ်စိမ်းရောင်လွယ်အိတ်တလုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၁ တပ်ခွဲ (၁) – YOMA GBK PDF၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ တို့က Operation Shadow (အရိပ်စစ်ဆင်ရေး) အနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ် ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024