မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်စခန်း ၆ ခုကို မန္တလေး PDF က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၃ ဦး ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၄၀ ကျော် သိမ်းဆည်း ရရှိခဲ့တယ်လို့ စစ်ဦးစီးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ စဉ့်ကူးမြို့နယ်အတွင်းက ဒိုးနွယ်ရွာတပ်စခန်း၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည်ရှင်းလင်းဆောင်တပ်စခန်း၊ ရွှေမာလဲစေတီတပ်ခစန်း၊ ရွာတော်လေးတပ်စခန်း နဲ့ နွယ်ရုံရဲစခန်းတွေကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရရှိထားတဲ့ စစ်သုံပန်း ၁၃ ဦးကိုတော့ သုံ့ပန်းဥပဒေနဲ့အညီထားရှိပြီး အထက်အဖွဲ့အစည်းတွေဆီကို လွှဲပြောင်းမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေး ဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ နဲ့အတူ စဉ့်ကူးမြို့နယ်မှာ စစ်ဆင်ရေးတွေဖော်ဆောင်နေပြီး စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာ စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထောက်ပို့ဆိုင်ရာကိစ္စအ၀၀ကို အခုချိန်အထိ ကူညီပံ့ပိုးကူညီပေးနေတယ်။”
စဉ့်ကူးမြို့နယ်အတွင်းက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒေသခံအနေနဲ့ စစ်တပ်ဂိတ်စခန်းတွေ စစ်ကောင်စီတပ်သားတွေနဲ့ နီးနီးကပ်ကပ်နေထိုင်တာတွေ မပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အသိပေး ထုတ်ပြန်ထားပါတယ်။