တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်မှာ ဇူလိုင် ၃ ရက်က မိုးကြီး ရေလွှမ်းခဲ့အပြီး ပျက်စီးမှုတွေ များခဲ့လို့ ပင်ကျန်းမြို့က အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ အဆုံးအရှုံးများခဲ့ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ ဟူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ မိုးကြီးပြီး မီလျိုမြစ်ဟာ ပင်ကျန်းမြို့နားမှာ နှစ် ၇၀ အတွင်း အမြင့်ဆုံးရေအမှတ်ထိ မြင့်တက်ခဲ့ပါတယ်။
ရေမကြီးခင်က ကြိုတင်သတိပေးချက်တွေ မရခဲ့ဘဲ ပထမထပ်တထပ်လုံး ရေမြုပ်ခဲ့တယ်လို့ ဒေသခံ စာရေးကိရိယာဆိုင်ရှင်တယောက်က ပြောပါတယ်။
ဟူနန် ဒေသန္တရအာဏာပိုင်တွေက အမြင့်ဆုံး အရေးပေါ် တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တရုတ်အရှေ့ပိုင်း ကျန်းရှီးပြည်နယ်မှာလည်း နေရာအတော်များများမှာ မိုးဆက်ကြီးနေပြီး ရေမျက်နှာပြင် မြင့်တက်နေလို့ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ ကပ်ဘေးသက်သာရေး လုပ်ဆောင်ချက်တွေကို တိုးမြှင့် လုပ်ဆောင်နေရပါတယ်။
ကုန်းချင်းချန်မြို့က ရွာတရွာမှာ တနင်္လာနဲ့ အင်္ဂါနေ့တွေက တူးမြောင်း ကမ်းပါး ၂ နေရာမှာ မြေပြိုခဲ့ပါတယ်။
ယန်ဇီမြစ်ရေ တက်နေတဲ့အတွက်လည်း ကျန်းရှင်းကျိုးကျွန်းပေါ်က မြို့ ၂ မြို့မှာ ဒေသခံတွေ ဘေးကင်းရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပါတယ်။
ဒီကျွန်းဟာ ဟူဘေး၊ ကျန်းရှီး၊ အန်းဟွေ ပြည်နယ်တွေရဲ့ လမ်းဆုံမှာရှိနေပြီး ကောက်ပဲသီးနှံ စိုက်ခင်း ဟက်တာ ၆၀,၀၀၀ ရှိနေပါတယ်။
ယန်ဇီမြစ်ပေါ်က ကျူးကျန်းစခန်းမှာ အင်္ဂါနေ့က ရေမျက်နှာပြင် ၂၂ မီတာမှာ ရှိနေလို့ ကျွန်းပေါ်က မြို့ ၂ မြို့လုံးက ဒေသခံတွေ ဘေးကင်းရာကို အသုတ်လိုက် စတင် ရွှေ့ပြောင်းသင့်တဲ့ အဆင့် ၂ အရေးပေါ်တုံ့ပြန်ရေး အခြေအနေကို တိုးမြှင့် ထုတ်ပြန်ထားပါတယ်။
Source-Reuters