Home
အားကစား
ရော်နယ်ဒိုကို အောင်မြင်မှုလက်ဆောင်ပေးလိုသည့် ပေါ်တူဂီအသင်း အပါအဝင် ယူရို ၂၀၂၄ ပြိုင်ပွဲ နောက်ဆုံးရသတင်းများ
DVB
·
July 4, 2024

ရော်နယ်ဒိုကို အောင်မြင်မှု လက်ဆောင်ပေးရန် အသင်းသားအားလုံး ဆန္ဒရှိ

ရော်နယ်ဒိုအတွက် အနိုင်ယူပေးဖို့ အသင်းသားအားလုံး ဆန္ဒရှိကြောင်း ပေါ်တူဂီနောက်ခံလူ မန်ဒက်စ်က ပြောပါတယ်။

ယူရိုပြိုင်ပွဲဟာ ရော်နယ်ဒိုအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်တာကြောင့် အသင်းသားတွေက အောင်မြင်မှုကို လက်ဆောင်အဖြစ်ပေးဖို့ ဆန္ဒရှိနေကြတာပါ။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ မှာ ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့ ဗိုလ်စွဲခဲ့တဲ့နောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုရဖို့ ရုန်းကန်နေရပါတယ်။

လာမယ့်ပွဲစဉ်မှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို တားဆီးနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ မန်ဒက်စ်က ဆိုပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၁၆ တုန်းက ပြင်သစ်မြေမှာ ပြင်သစ်အသင်းကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။

အတိတ်ကိုလွမ်းမနေဘဲ ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်မည်ဟု တိုနီခရုစ် ဆို

အတိတ်ကို လွမ်းဆွတ်နေမှာမဟုတ်ဘဲ ယူရိုပြိုင်ပွဲကို အာရုံစိုက်နေမှာဖြစ်ကြောင်း ဂျာမနီကွင်းလယ်လူ တိုနီခရုစ်က ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ တိုနီခရုစ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမှာဖြစ်လို့ ဒီပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးပြိုင်ပွဲပဲ ဖြစ်ပါတယ်။

တိုနီခရုစ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလား ရဖူးသလို ကလပ်အသင်းနဲ့လည်း ဆုဖလား ၂၀ ကျော် ရထားလို့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပဲ ကျန်ပါတော့တယ်။

စပိန်နဲ့ပွဲမှာ ဂျာမနီသာ ရှုံးနိမ့်ပါက ဒီပွဲဟာ တိုနီခရုစ်အတွက် နောက်ဆုံးပွဲ ဖြစ်လာမှာပါ။

ဂျာမနီအသင်းဟာ ၁၀ နှစ်ကျော်ကြာ အောင်မြင်မှုနဲ့ ဝေးကွာခဲ့ပြီး အိမ်ကွင်းမှာကျင်းပနေတဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

ဂျာမနီကို အနိုင်ယူပြီး တိုနီခရုစ်ကို အနားပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း စပိန်တိုက်စစ်မှူး ဟိုဆေးလူက ပြောကြားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲအပြီးမှာ အနားယူမယ်လို့ တိုနီခရုစ်က ကြေညာထားတာကြောင့် ရီးရဲလ်အသင်းဖော် ဟိုဆေးလူက အခုလို ပြောခဲ့တာပါ။

စပိန်နဲ့ ဂျာမနီတို့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေပြီး ဂျာမနီကို အနိုင်ယူကာ တိုနီခရုစ်ကို ကစားသမားဘဝကနေ အနားပေးဖို့ ဟိုဆေးလူက မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စပိန်အသင်းဟာ ပြိုင်ပွဲဝင်အသင်းတွေအနက် ခြေစွမ်းအပြနိုင်ဆုံး အသင်းဖြစ်ပြီး ၉ ဂိုးသွင်းကာ ၁ ဂိုးပဲ ပေးထားရပါတယ်။

ဂျာမနီအသင်းဟာ ၁၉၈၈ ကတည်းက စပိန်အသင်းကို ပြိုင်ပွဲကြီးတွေမှာ အနိုင်မရဘူးသေးတဲ့ အစဉ်အလာ ရှိပါတယ်။

ပေါ်တူဂီနှင့်ပွဲအတွက် အသင့်ဖြစ်နေဟု ပြင်သစ်လက်ထောက်နည်းပြပြော

ပြင်သစ်အသင်းဟာ ပေါ်တူဂီနဲ့ပွဲအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဝေဖန်သူတွေကို လက်ထောက်နည်းပြ စတီဗင်က ပြောပါတယ်။

ပြိုင်ပွဲမစမီက ရေပန်းစားခဲ့တဲ့ အသင်းထဲမှာ ပြင်သစ် ပါဝင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ခြေစွမ်းမပြနိုင်သေးတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ အလွယ်တကူ အောင်မြင်မှုရမယ်လို့ ဘယ်တုန်းကမှ မတွေးထားကြောင်း စတီဗင်က ပြောပါတယ်။

ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ဂိုး ၃ ဂိုးသာ ရထားပြီး အဲဒီဂိုးတွေက ပင်နယ်တီ ၁ လုံး၊ ပြိုင်ဘက်အသင်းတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ၂ ဂိုးရခဲ့တာ ဖြစ်ပါတယ်။

အဓိက ကစားသမားတွေဖြစ်တဲ့ ဂရစ်မန်းနဲ့ အမ်ဘာပေတို့လည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အမ်ဘာပေဟာ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် မျက်နှာဖုံးတပ်ပြီး ကစားနေရလို့ မြင်ကွင်းရှင်းလင်းဖို့ မလွယ်လို့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာလို့ စတီဗင်က ဆိုပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013