ကရင်နီ (ကယား) ပြည်နယ်၊ မိုးဗြဲရေကာတာနား အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ် ခမရ ၄၂၂ က ရေကာတာတံခါး ၃ ပေါက်လုံးကို ဖွင့်ချလိုက်တာကြောင့် မိုးဗြဲစစ်ဘေးရှောင်ထောင်ချီပြီး ဘေးလွတ်ရာကို အရေးပေါ် ပြောင်းရွှေ့နေကြရတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ဇူလိုင် ၂၄ ရက်ကတည်းက ခုလို မိုးဗြဲရေကာတာတံခါးတွေဖွင့်ပြီး ရေတွေလွှတ်ချလိုက်တာကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့တဲတွေနဲ့ လုပ်ကိုင်နေတဲ့ လယ်ယာနဲ့ ငါးကန်တွေ ရေနစ်မြုပ်ကုန်ပါတယ်။
မိုးဗြဲဒေသခံစစ်ရှောင်တစ်ဦးက "ရေကတော့ တနေ့တနေ့ ၃ ပေလောက်တက်နေတယ်။ ဘီလူးချောင်းဘေးနား တလျှောက်လုံးနေတဲ့စစ်ရှောင်ပြည်သူတွေက ပစ္စည်းတွေရွေ့ နေရာတွေပြောင်းသွားကြပြီ။ စပါးတွေလည်းတော်တော်မြုပ်ကုန်ပြီပေါ့"လို့ ပြောပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်မှာတော့ ဘီလူးချောင်းဘေးဝဲယာတလျှောက် စပါးခင်းအများစု ခန့်မှန်းဧက ၁၀၀၀ ခန့် ရေနစ်မြုပ်နိုင်ပြီး ပျက်စီးဆုံးရှုံးမယ့်အရေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
မိုးဗြဲဒေသဟာ စပါးကို အဓိကလုပ်ကိုင်တာဖြစ်လို့ ရေထပ်တက်ပြီး စပါးခင်းတွေ နှစ်မြုပ်ကုန်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ မိုးဗြဲ ဒေသခံ စစ်ရှောင်တဦးက ပြောပါတယ်။
''ရေထပ်တက်ရင် စပါးတွေ ထပ်မြုပ်ကုန်မှာမို့ ဒေသခံတွေ အဓိကစိုးရိမ်တာ သူတို့ရဲ့စပါးခင်းတွေပါပဲ။ စပါးတမျိုးပဲ အဓိကစိုက်ပျိုးကြလို့။"
လွိုင်ကော်မြို့နဲ့ အနီးတဝိုက် ဘီလူးချောင်းဝဲယာတလျှောက် အနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အထူးသတိပြုကြဖို့နဲ့ လိုအပ်ရင် ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီကလည်း အသိပေးနိုးဆော်ထား ပါတယ်။
လက်ရှိ အရေးပေါ်ရွှေ့ပြောင်းနေရတဲ့ မိုးဗြဲ စစ်ရှောင်တွေကိုတော့ မိုးဗြဲ PDFက လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ထား ပါတယ်။