မန္တလေးမြို့နဲ့ နီးကပ်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို စစ်ရှောင်တွေ အများအပြား ရောက်ရှိနေပြီး မြို့ထဲအထိ စစ်ကူးလာမှာကို ပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။
မန္တလေးမြို့နဲ့ ၅၄ မိုင်ကျော်သာဝေးတဲ့ စဉ့်ကူးမြို့ကို မန္တလေး PDF တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး တနာရီလောက်သာဝေးတဲ့ မတ္တရာမြို့ထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် စစ်ရှောင်တွေက မန္တလေးမြို့ကို အများအပြားရောက်ရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊
ဒါ့အပြင် မန္တလေးမြို့နဲ့ နာရီဝက်လောက်သာဝေးတော့တဲ့ ပုသိမ်ကြီးမြို့နယ်အနီးမှာလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေမှုတွေကြောင့် မန္တလေးမြို့အနီးတဝိုက်ဒေသတွေရဲ့ စစ်ရှောင်တွေက မြို့တွင်းက ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေရသလို အိမ်ငှားပြီးလည်း နေထိုင်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်၊
“ဘုန်းကြီးကျောင်းထဲမှာတော့ စစ်ရှောင်တွေအများကြီးရှိတယ်၊ အစ်မတို့နား ပတ်ဝန်းကျင်မှာလည်း အများကြီးပဲ။ တချို့တွေဆို အိမ်ငှားပြီး နေကြတယ်။ သူတို့က မတ္တရာဘက်က လာတဲ့သူတို့၊ တကောင်းဘက်က လာတဲ့သူတို့ အများကြီးပဲ၊ အိမ်ဌားပြီးနေကြတယ်ပေါ့။ ဘုန်းကြီးကျောင်းက မနေ့က ဧည့်စာရင်းစစ်တယ်လို့ ကြားတယ်။ အခုချိန်ထိတော့ မန္တလေးမြို့ပေါ်က လူတွေက ဘာမှ ထူးထူးခြားခြားတော့ မပြင်ဆင်ကြသေးဘူး။ ပုသိမ်ကြီးဘက်က သူတွေကတော့ ပစ္စည်းတွေ ကြိုရွှေ့ထားကြပြီ၊ ပူပန်တာကတော့ စကစက လေကြောင်းကနေ အကုန်လုံးကို ဗုံးကြဲမယ်လို့ ကြားနေတော့ အဲတာတော့ စိတ်ပူမိတယ်။ တိုက်ပွဲတွေနီးကပ်လာပြီဆိုရင်တော့ ကျမတို့ ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ ဘေးကင်းလုံခြုံအောင်နေရမှာပေါ့ရှင်။”
မန္တလေးမြို့ထဲနေတဲ့ ဒေသခံတွေအနေနဲ့ကတော့ ထွက်ပြေးတိမ်းရှောင်တာမျိုးထက် တိုက်ပွဲတွေ မြို့ထဲလာရင် ဘေးကင်း လုံခြုံအောင်နေဖို့ ကြိုတင်ပြင်ဆင်တာမျိုးပဲ လုပ်နေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်တုန်းက ပုသိမ်ကြီးနဲ့ မတ္တရာအစပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မန္တလေးမြို့အစွန်နားနေတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်ပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အဲတာကလေ ပုသိမ်ကြီးဘက်တော့ မဟုတ်ဘူး၊ ပုသိမ်ကြီးနဲ့ မတ္တရာနယ်စပ်မှာ လှမ်းတော့ လှမ်းတယ်။ ပြီးတော့ အဲဒီဘေး အကုန်လုံးက တပ်တွေချည်းပဲရှိတာ တပ်မ ၃၃ နဲ့ တပ်မ ၃၃ အခွဲတွေအကုန်လုံးက အဲဒီတောင် တကြောလုံးမှာ ရှိတာ။ အဲဒီဘက်ကနေ အသံကြားတာဆိုတော့ ဒီလိုမျိုး တဆင့်သံနဲ့ဆိုတော့ ခုပဲ ရောက်လာတာ လိုလိုဖြစ်တာ။ အဲဒီရက်ပဲ နောက်ရက်ကျ စစ်တပ်ဘက်က လေကြောင်းနဲ့ တောက်လျှောက်ကြဲတော့ မတ္တရာ နယ်ဘက်တွေမှာ၊ အဲတာပြီးတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ ညီမတို့က ပြေးဖို့ဆိုတာက တော်တော်လေး ခက်တယ်၊ ရန်ကုန်-မန္တလေးလမ်းဘက်ကို ထွက်ပြေးရုံအပြင်မရှိဘူး။ ဖြစ်လာရင်တော့ ပထမဆုံး ညီမတို့က မြို့အစွန်ဆိုတော့ မြို့ထဲလောက်တော့ ရွှေ့မယ်၊ မြို့ထဲက အမျိုးတွေအိမ်မှာပဲ သွားနေမယ်လို့ ပြင်ဆင်ထားကြတယ်။ အရေးကြီးစာရွက်စာတမ်း ပြင်တာလုပ်ပြီး နောက်ပိုင်း ထွေထွေထူးထူး ပြင်တာမျိုးတော့ မရှိသေးဘူး။”
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးကို MDY- PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ပုံဖော်နေတဲ့အတွက် စစ်ကောင်စီက မန္တလေးမြို့ကို မရောက်ရှိလာဖို့ အပြင်းအထန် ခုခံကာကွယ်နေပါတယ်။
ဇူလိုင် ၂၃ ရက်မှာတော့ စစ်ကိုင်း မင်းကွန်းဘက်မှာ တိုက်ပွဲဖြစ်ပွားသံတွေ ကြားနေရပြီး မီးလောင်မှုတွေကို မန္တလေးဘက်ကအခြမ်းကနေ မြင်နေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဝေဝေ