Home
မြန်မာသတင်း
လားရှိုးတိုက်ပွဲ ပြင်းထန်ပြီး အရပ်သားသေဆုံးမှုတိုးလာ၊ MNDAA က တပ်ကူထပ်ပို့
DVB
·
July 22, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို MNDAA ကိုးကန့်တွေက တပ်ကူတွေ ထပ်ပို့နေသလို စစ်တပ်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းမြောက်ရဲ့မြို့တော် လားရှိုးကို MNDAA ဦးဆောင်တဲ့တပ်တွေက ဇူလိုင် ၃ ရက်က စတင်ထိုးစစ်ဆင်ခဲ့တာ ဇူလိုင် ၂၂ ဆိုရင် ရက်ပေါင်း ၂၀ ရှိလာပါပြီ။   တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ ၄ ရက်ကာလမှာ MNDAA က တဖက်သတ် အပစ်ရပ်ထားသလို ဒီနောက်မှာလည်း တရုတ်ရဲ့ ပန်ကြားချက်အရ တဖက်သတ် အပစ်ရပ် ဆက်လက်ကြေညာထားပါတယ်။

ဒါပေမဲ့ ဇူလိုင် ၁၉ ရက်ကစလို့ မြို့ရဲ့စည်ပင်နယ်နိမိတ်ထဲက ခလရ-၄၁ နဲ့ ခမရ-၅၂၂ တပ်တွေကို တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၂ ရက်အထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ လားရှိုးမြို့ခံ စစ်ရှောင်တွေက ပြောပါတယ်။

လားရှိုးမြို့ခံ စစ်ရှောင်တဦးက “အဓိကတော့ ဒီနေ့က အဲဒီ ၅၂၂ နဲ့ ၄၁ တပ်ကို တအားကြီးကို အင်နဲ့အားနဲ့ လုပ်နေတယ်လို့ ကြားတယ်။ ပြည်သူတွေကတော့ ရှိတဲ့၊ ကျန်တဲ့ဟာတွေတော့ များပါတယ်။ ထွက်တာတော့ နေ့တိုင်းကတော့ ထွက်နေတာပဲ။ ကျနော်ကြည့်ရတာ တချို့တွေကလည်း ချက်ချင်းအဆင်မပြေတာနဲ့ စုထားဆောင်းထားတဲ့ဟာတွေ ဘယ်လိုလုပ်သင့်လဲ၊ တချို့လည်း အဲဒီကနေ အဝေးကအသိတွေဆီမှာ ပြန်အကူအညီ လှမ်းတောင်း၊ ပိုက်ဆံဘာညာရမှ ထွက်လာနိုင်တဲ့ဟာတွေလည်း ရှိတာပေါ့” လို့ ပြောပါတယ်။

ဇူလိုင် ၂၂ ရက် ဒီကနေ့မှာပဲ လားရှိုးမြို့ထဲက မိဘမဲ့ကလေးဂေဟာတခုကို လက်နက်ကြီး ကျတာကြောင့် ကလေးငယ်တယောက်သေပြီး လားရှိုးနဲ့ သိန္နီကြားက မိုင်းလီနားမှာလည်း လေကြောင်းပစ်ခတ်မှုကြောင့် စစ်ရှောင်တွေ အများအပြား သေဆုံးတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လားရှိုးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း အဆင်မပြေဖြစ်နေပြီး MPT လိုင်းပဲ ရပေမဲ့ တချို့နေရာတွေမှာ မရဘူးလို့ ဒေသခံက ပြောပါတယ်။

ဆက်သွယ်ရေးအခက်အခဲကြောင့် တိုက်ပွဲဖြစ်စဉ်တွေကို အသေးစိတ် အတည်မပြုနိုင်သေးပေမဲ့ မြို့တွင်းတိုက်ပွဲတွေက တဖြည်းဖြည်း ပိုပြင်းထန်လာတယ်လို့ ဇူလိုင် ၁၈ ရက်က လားရှိုးမြို့ကနေ ထွက်ခွာလာတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“သူက မြို့ပြင်တင်မဟုတ်ဘူး၊ မြို့လယ်ခေါင်မှာရော မြို့ထဲကိုရော ကျလာတာ။ အခြေအနေက ပိုဆိုးလာတယ်လို့ ပြောရမယ်။ ဒီ ၁၈ ရက်နေ့ နောက်ပိုင်းမှာ ညီမတို့ မြို့ပြင်ထွက်ဖို့တခုပဲ အရမ်းခက်ခဲတာ။ လမ်းခရီးကြမ်းတာထက်လေ။ အရမ်းကြောက်နေရတာ သူတို့က အဖွဲ့စုံဆိုတော့။ မြို့အပြင် ကားကြီးဝင်းအကျော် မယ်ဟန်နားရောက်သွားပြီ ဆိုတာနဲ့ လုံးဝ မြို့ပျက်ကြီးလိုမျိုးပဲ။ ဓာတ်ဆီဆိုင်တွေဆို တချို့ ဗုံးမှန်ထားတာတွေ။ အိမ်တွေဆိုလည်း ဗုံးမှန်လို့ ပျက်စီးနေတာတွေ။ ထရန်ဖော်မာတွေဆိုလည်း ဗုံးမှန်လို့ ပျက်စီးနေတာ အများကြီး။ ပြီးရင် သူတို့အဖွဲ့အစည်းက လူတွေကလည်း သွားလာနေကြတာ လမ်းပေါ်မှာ အဲလိုမျိုး ကြောက်နေတော့လေ၊ ကားတွေဆို ဒုန်းစိုင်းမောင်းရတယ် အဲဒီမြို့အပြင်အထွက်မှာဆို။”

ကိုးကန့်တပ်-MNDAA ရဲ့ စစ်ကားအစီး ၅၀ လောက် ဇူလိုင် ၂၂ ရက် မနက်ပိုင်းက သိန္နီဘက်ကနေ လားရှိုးကို တပ်ကူတွေပို့နေတာကို မြင်တွေ့ခဲ့ရကြောင်း တခြားစစ်ရှောင်တဦးကလည်း ပြောပါတယ်။

ဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ MNDAA ဘက်က ကြေညာထားပေမဲ့ လက်ရှိဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ခဏအနားတောင်းတဲ့သဘောပဲ ဖြစ်မယ်လို့ ရှမ်းမြောက်က စစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

TNLA ကတော့ မိုးကုတ်နဲ့ ကျောက်မဲမှာ ဆက်လက်တိုက်ခိုက်နေပြီး ဇူလိုင် ၁၈ ရက်အထိဆို မိုးကုတ်နဲ့ ရှမ်းမြောက်တခုလုံးမှာ အရပ်သား ၉၄ ဦးသေပြီး ၁၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013