အင်းစိန်ထောင်ထဲမှ နိုင်ငံရေးအကျဥ်းသား အများစုအပါအ၀င် အကျဥ်းသား ၆၀၀ နီးပါးကို သာယာ၀တီထောင်နဲ့ ကျိုက်စကောထောင်တွေကို ပြောင်းရွှေ့လိုက်ပါတယ်။
ပြီးခဲ့တဲ့ အာဇာနည်နေ့က အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေက အာဇာနည်နေ့ အခမ်းအနားတခု တိုးတိုးတိတ်တိတ်ပြုလုပ်ခဲ့တဲ့အပေါ် ထောင်၀န်ထမ်းတချို့က သိရှိသွားပြီး ထောင်အာဏာပိုင်ကို တိုင်လိုက်တာကြောင့် အဲဒီအခမ်းအနားမှာ ပါဝင်တယ်လို့ သတ်မှတ်ခံရသူတွေအား ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ကား ၆ စီးနဲ့ သာယာ၀တီထောင်နဲ့ ကျိုက်စကောထောင်တွေကို ပြောင်းရွှေ့လိုက်တာလို့ အင်းစိန်ထောင်၀န်ထမ်းအသိုက်အဝန်းဆီက သိရပါတယ်။
သာယာ၀တီထောင်ကိုတော့ Express ကား ၆ စီးနဲ့ အကျဥ်းသား ၃၀၀ ရောက်ရှိခဲ့ပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသားအများစု ပါလာပေမဲ့ အရေအတွက် အတိအကျကိုတော့ စာရင်းလုပ်လို့ မရနိုင်သေးပါဘူး။
သာယာ၀တီထောင်မှာ ထောင်၀င်စာလာတွေ့တဲ့ အမျိုးသမီးတဦးက “၀င်လာတာ ကား ၆ စီး အကျဥ်းသား ၃၀၀ ပါတယ်။ ထောင်ပြောင်းလာတဲ့ စာရင်းကပ်ထားတယ် ထောင်မှာ။ သူတို့က အင်းစိန်မှာ ၁၉ ဇူလိုင် အာဇာနည်ပွဲလုပ်လို့၊ နောက် ရှစ်လေးလုံးပွဲလည်း လုပ်ဖို့ အစီအစဥ်လုပ်ထားလို့။ အဲဒီအထဲက ခပ်ထက်ထက် ကလေးတွေကို ရွေးပြီးရွှေ့တာ။ တမင် ပုံစံထောင်ကို ရွှေ့လိုက်တာ။ အဲဒီမှာ သူတို့ကိုပုံစံမောင်းမှာ။ မနေ့က လာစုံစမ်းတဲ့ အမျိုးသမီးတယောက်ဆိုရင် သူ့သား ၂ ယောက်မှာ တယောက်ပဲ ဒီထောင်မှာ ပါလာတယ်၊ နောက်တယောက်က ပျောက်နေတယ်၊ ကျိုက်စကော ပါသွားတယ် ထင်ပါတယ်။ အဲဒီတယောက်က ကျောက်ကပ်မကောင်းဘူး ဆေးနေရတာ။ ကျန်းမာရေး တော်တော်မကောင်းဘူးတဲ့။ အမေလုပ်သူလည်း သနားပါတယ်။ ဒီမှာက ထောင်ပြောင်းလာကတည်းက သူတို့မှတ်ချက်တွေပါ ထောင်က ထည့်ပေးလိုက်တာ။ ဟိုထောင်တုန်းက ထောင်ထဲမှာ ဘာတွေလုပ်ခဲ့တယ်၊ အပြစ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ မှတ်ချက်တွေပါ ထည့်ပေးလိုက်တာ။ အဲဒီတော့ ဒီရောက်တာနဲ့ ထောင်ဘူး၀ကတည်းက ရိုက်တော့တာပဲ။ ဒီထောင်က ပုံစံထောင်ဆိုတော့ သူတို့ဆီကို ရောက်လာတဲ့သူတွေကို ကြိုပြီး ချိုးထားတဲ့သဘောမျိုး ပုံစံပေးတော့တာပဲ အသေရိုက်တာ” လို့ ပြောပါတယ်။
ကျိုက်စကောထောင်မှာတော့ ထောင်ပြောင်းလာသူတွေရဲ့စာရင်းကို အခုထိ ကပ်မထားသေးဘဲ ကား ၆ စီး ရောက်လာခဲ့တာကိုတော့ မြင်တွေ့ခဲ့ရကြောင်း အကျဥ်းသားတယောက်ရဲ့ မိခင်က ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်ခင်ကတည်းက ထောင်ပြောင်းရွှေ့မှုတွေကို နိုင်ကျဉ်းတွေရဲ့ လှုပ်ရှားမှုများတဲ့ ထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစားပေးပြီးမှပေါ့နော်။ ထောင်ပြောင်းရွှေ့နေတာကို ကျနော်တို့ တွေ့ရပါတယ်။ အဓိကက သူတို့ ထောင်ပြောင်းရွှေ့ရတဲ့ အချက်ကတော့ ဒေါ်စုမွေးနေ့ အပါအဝင် ၇ ဇူလိုင်၊ ၁၉ ဇူလိုင် အခုလာမယ့် ကိုဂျင်မီတို ကြိုးပေးအသတ်ခံရတဲ့ ၂၃ ဇူလိုင် ရက်ကလည်း ရှိတယ်။ နောက် လာမယ့် ရှစ်လေးလုံးနေ့တွေလည်း ရှိသေးတယ်။ အဲဒီနေ့တွေဆိုရင် အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြင်ပမှာရှိတဲ့ မိဘပြည်သူတွေနဲ့အတူ လှုပ်ရှားမှုတွေ ထောင်တွင်း သပိတ်တိုက်ပွဲတွေကို ဖော်ဆောင်ကြပါတယ်။ သူတို့ အဲဒီ ၁၉ ရက်နေ့၊ တောင်တွင်းတိုက်ပွဲ လှုပ်ရှားမှုတွေ မစတင်ခင်ကတည်းကပေါ့၊ ဒီလိုမျိုး ထောင်တွင်းလှုပ်ရှားမှုတွေမှာ ဦးဆောင်နိုင်မယ့်သူတွေ၊ ပါဝင်နိုင်မယ့်သူတွေကို စုဖွဲ့မှု လုပ်လို့မရအောင်၊ လုပ်ဆောင်နေတယ်လို့ ယူဆပါတယ်။ အကျဉ်းသားရွှေ့ပြောင်းမှုကတော့ ရာနဲ့ချီရှိတယ်။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ ဒီဒိုက်ဦးထောင်ကိုတော့ နိုင်ငံရေးအကျဉ်းသား ဦးစားပေးအနေနဲ့ အမျိုးသား ၂၀၀၊ အမျိုးသမီး ၆၀ ရောက်ခဲ့တယ်လို စာရင်းရထားပါတယ်” လို့ ပြောပါတယ်။
ထောင်ပြောင်းရွှေ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်းစိန်ထောင် ထောင်ပိုင်ရုံးကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
DVB က စုံစမ်းသိရသလောက် အင်းစိန်ထောင်ကနေ ကား ၁၂ စီးနဲ့ ထောင်ပြောင်းရွှေ့လိုက်တဲ့ အထဲမှာ အများစုက နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပြီး သာယာ၀တီထောင်ကို အကျဥ်းသား ၃၀၀ နဲ့ ကျိုက်စကောထောင်ကို ၂၆၀ စုစုပေါင်း အကျဥ်းသား ၅၆၀ ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း ကျိုက်မရောအကျဉ်းထောင်ကနေ အကျဉ်းသူ ၆၀ နဲ့ အကျဉ်းသား ၁၀၀ ကို ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တွေကို ပြောင်းရွှေ့ခဲ့ပြီး ဇွန် ၂၃ ရက်ကလည်း အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားအကျဉ်းသားတွေအား ကား ၅ စီးနဲ့ ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တွေကို ထောင်ပြောင်းရွှေ့ခဲ့ကာ အဲဒီအထဲတွေမှာလာည်း နိုင်ငံရေး အကျဥ်းသားအများစု ပါခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မင်းညို