၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း သီတင်း ၂ ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း ၃ မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်သူ ၅၆ ဦးသေဆုံး၊ ၃၅ ဦးဒဏ်ရာရပြီး အဆောက်အဦပေါင်း ၁၅၀ ကျော်ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF ) အဖွဲ့က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ် (MNDAA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေပါဝင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှ စစ်ကောင်စီဟာ တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း တလျှောက်ရှိ မြို့တွေမှာ ပေါင် ၅၀၀ ဗုံးတွေ၊ အမြောက်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တယ်။
Photo:SHRF
နောင်ချိုမြို့နယ်မှာဆိုရင် မြို့ပေါ် ဘူတာရပ်နဲ့ ဈေးရပ်နဲ့ ဆမ္မဆယ်၊ ချိုခမ်း၊ ကျောက်ကြမ်း၊ အုမ္မတီး၊ ခိုင်းမွန် စတဲ့ကျေးရွာတွေမှာ လက်နက်ကြီးကျတာကြောင့် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်၊ အဲဒီထဲမှာ ဘုန်းကြီးတပါး ပါတယ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ မီးသတ်ရုံးတရုံးနဲ့ နေအိမ် ၃၇ လုံး ပျက်စီးခဲ့တယ်၊ အဲဒီထဲက အိမ် ၂ လုံး ပြာကျသွားတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်မှာလည်း ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈ ၊ ၉ နဲ့ တောင်နီ၊ ပိန်းအင်၊ ပန်ပေါင်း၊ လုံဝိုင်၊ စခန်းသာ၊ ဇောတိကုန်း၊ နားအိုက်ခန့်၊ နတ်တောင် (နှစ်မိုင်ကုန်း)၊ ငြိမ်းချမ်းရေးကုန်း၊ တောင်နောက်၊ ပန်ဟတ်၊ တော့ဆန်၊ ခိုမုန်းစတဲ့ ရပ်ရွာတွေထဲ လက်နက်ကြီးကျည်ကျပြီး ပြည်သူ ၄၄ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရခဲ့တယ်၊ အဆောက်အဦပေါင်း ၁၀၀ ကျော်ပျက်စီးပြီး အဲဒီထဲမှာ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဟိုတယ် ၁ လုံး၊ ဈေဆိုင်ခန်းနဲ့အိမ်ခြေ ၉၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
သီပေါမြို့နယ်ထဲမှာလည်း မြို့ပေါ် ပန်းတိမ်တောင်ရပ်ကွက်နဲ့ စံဖိတ်အုပ်စု စံလှိုင်ရွာတွေမှာ လက်နက်ကြီးကျပြီး အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါတွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ဇွန် ၁၉ မှ ဇူလိုင် ၄ ရက်ထိ SHRF မှ ကောက်ယူရရှိထားတဲ့ စာရင်းသာဖြစ်ပြီး ဇူလိုင် ၅ ရက်မှ ၂၂ ရက်အထိလည်း နောက်ထပ် အရပ်သားသေဆုံးဒဏ်ရာရမှုနဲ့ အဆောက်အဦပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
လားရှိုးမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်က ပျက်စီးဆုံးရှုံးမှုစာရင်းတွေတော့ မပါသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လမ်းတံတားတွေလည်း ပျက်စီးခဲ့ပြီး ဆက်သွယ်ရေး၊ သွားလာရေးခက်ခဲကာ ဒေသခံပြည်သူ သောင်းနဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။