ရှမ်း-ကယား (ကရင်နီ) နယ်စပ်မှာရှိတဲ့ မိုးဗြဲရေကာတာကို မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်က ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းကပြီး ဖွင့်ချခဲ့တဲ့အတွက် ၂၄ နာရီအတွင်း ဘီလူးချောင်းရေမှာ ၈ ပေအထိ မြင့်တက်သွားပြီး ရေကြီးရေလျှံနေသလို လယ်ဧက ထောင်ချီ ရေနစ်မြုပ်ခဲ့ပါတယ်။
မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနဲ့ ဘုရားဖြူကျေးရွာတို့မှာ ရေကြီးနေပြီး လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော ဒေသခံ တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေ အတိဒုက္ခရောက်အောင် စစ်ကောင်စီတပ်က တမင်လုပ်ဆောင်တာလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ပါတယ်။
ဒေသခံတဦးက “အခု ညနေ ၃ နာရီအထိ မိုးဗြဲဆည်ကနေ လွိုင်ကော်မြို့နယ်၊ ဘုရားဖြူအထိ စပါးခင်းဧက ၆၀၀၀ မနည်း ရေအောက်သို့ရောက်တယ်လို့ ခန်းမှန်းရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့နယ် ညောင်ဝိုင်း၊ ဘရာနီရွာ၊ ဖောင်တောရွာ၊ ဘုရာဖြူရွာတွေမှာ ရေကြီးရေလျှံနေပြီး အဲဒီရွာတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေလည်း ထပ်မံနေရာရွှေ့ပြောင်းနေရတယ်လို့ ဒေသခံက ပြောပါတယ်။
မိုးဗြဲရေကာတာဟာ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံအတွက် အဓိက ရေလှောင်ကန်ဖြစ်ပါတယ်။
အဲဒီရေကာတာရဲ့ ရေတံခါးကို မိုးဗြဲအခြေစိုက် အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက ဇူလိုင် ၂၅ ရက်က မနက်အစောပိုင်းမှာ ဖွင့်ချလိုက်တာကြောင့်လည်း ဘီလူးချောင်းရေ မြင့်တက်ပြီး အကျိုးဆက်အားဖြင့် ဘီလူးချောင်းရဲ့ ဘေးဝဲယာတလျှောက် စပါးခင်းတွေ နေနစ်မြုပ်ခဲ့တာပါ။
အလားတူ လွိုင်ကော်မြို့နဲ့အနီးတဝိုက်ရှိ လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာလည်း ရေကြီးလာနိုင်သလို ရေထပ်မံမြင့်တက်လာနိုင်တဲ့အတွက် အရေးပေါ် အခြေအနေ ဖြစ်နေလို့ လွိုင်ကော်မြို့နဲ့ အနီးတဝိုက် ဘီလူးချောင်းရဲ့ ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းမှာ နေထိုင်ကြသော မိဘပြည်သူတွေ အထူးသတိပြုကြဖို့၊ လိုအပ်ပါက ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ကြဖို့လည်း IEC က သတိပေးထုတ်ပြန်ထားပါတယ်။