Home
မြန်မာသတင်း
ဘူးသီးတောင်တွင် စစ်ဘေးရှောင် ၇ ဦး  သတ်ဖြတ်ခံရ
DVB
·
July 22, 2024
Photo - AA

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဂန္ဓာရီ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီ သင်တန်းပေးထားတဲ့ မွတ်ဆလင် လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

အသတ်ခံလိုက်ရတဲ့ စစ်ဘေးရှောင် ၇ ဦးဟာ ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ မျှစ်သွားချိုးရာက သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဇူလိုင် ၁၉ ရက်အထိ အိမ်ကို ပြန်ရောက်မလာတာကြောင့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာသားတွေ လိုက်လံရှာဖွေကြတာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားသူတွေမှာ ဦးဦးလှထွန်း၊ ဦးကျော်လှ၊ ဦးမောင်ထွန်း၊ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနဲ့ ဦးကြာထွန်းဦးတို့ ဖြစ်ကြပါတယ်။

အဲဒီ ၇ ဦးထဲက ဦးဦးလှထွန်း၊ ဦးကျော်လှနဲ့ ဦးမောင်ထွန်းတို့ရဲ့ ရုပ်အလောင်းတွေကို ဇူလိုင် ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာ အနီးမှာ လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။

နောက်ထပ် ၄ ဦးဖြစ်တဲ့ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနဲ့ ဦးကြာထွန်းဦး တို့ကိုလည်း ဇူလိုင် ၂၀ ရက် နေ့လယ် ၁ နာရီမှာ ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာ အနီးမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ် မရှိတော့‌ပေမဲ့ စစ်ကောင်စီသင်တန်းပေးခဲ့တဲ့ လက်နက်ကိုင် မွတ်ဆလင်တွေ ရှိနေသေးတာကြောင့် ပြည်သူတွေအနေနဲ့ အသွားအလာ သတိထားသင့်သလို အာရက္ခတပ်တော် အနေနဲ့လည်း ပြည်သူလုံခြုံဖို့အတွက် အကြမ်းဖက်တွေကို ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဘူးသီးတောင် ဒေသခံတဦးက ပြောပါတယ်။

“စစ်ရှောင် ၇ ဦး သတ်ဖြတ်ခံရတာက ဘူးသီးတောင်မှာ စစ်ကောင်စီရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတယ်ဆိုတာ ထင်ထင်ရှားရှား ပြလိုက်တာဖြစ်တယ်။ စစ်ကောင်စီ သင်တန်းပေးထားတဲ့ မွတ်ဆလင် လက်နက်ကိုင်တွေက ပြည်သူတွေကို အန္တရာယ်ပေးနေသေးတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်။ ပြည်သူတွေအနေနဲ့လည်း လုံခြုံရေးကို သတိထားသင့်သလို ဒေသအာဏာပိုင်ဖြစ်တဲ့ အာရက္ခတပ်တော်ကလည်း ပြည်သူတွေလုံခြုံဖို့ အကြမ်းဖက်တွေကို ရှင်းလင်းနိုင်ဖို့ လိုအပ်တယ်။”

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီက သင်တန်းပေးထားပြီး လက်နက်တပ်ဆင်ထားတဲ့ မွတ်ဆလင်တွေဟာ အရပ်သားတွေကို အကြမ်းဖက် သတ်တာတွေ၊ ဖမ်းဆီးငွေညှစ်တာတွေ၊ အရပ်သားပြည်သူတွေ သွားလာတဲ့ လမ်းတွေမှာ မိုင်းထောင်တာတွေ၊ ရပ်ရွာတချို့ကို မီးရှို့တာတွေ၊ အရပ်သားအိမ်တွေကို ဖောက်ထွင်း လုယက်တာတွေ၊ ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ဟင်းရှာဖွေတာတွေ၊ သွားလာနေထိုင်တာတွေကို အထူးဂရုပြုကြဖို့နဲ့ သတိနဲ့နေထိုင်ကြဖို့ကိုလည်း AA က သတိပေးထားပါတယ်။

ဒါ့အပြင် အခုလို အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့သူတွေကိုလည်း အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမှာဖြစ်သလို ပြည်သူရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ အကြမ်းဖက် မွတ်ဆလင် လက်နက်ကိုင်တွေကို ထိုက်သင့်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်သွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က မေ ၁၈ ရက်ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က မွတ်ဆလင် လက်နက်ကိုင်တွေလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ရှိတယ်လို့ AA ရဲ့ မြို့သိမ်းတိုက်ပွဲ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024