ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းမှာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက မိုးကြီးပြီး တောင်ပြိုကျတာကြောင့် ကားလမ်း ပိတ်ဆို့နေပြီး ကားတန်းတွေ ပိတ်မိနေတယ်လို့ ဂွဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်နဲ့ ၅ မိုင်နီးပါးလောက်သာဝေးတဲ့ ဝတိန်းကျေးရွာအနီးမှာ တောင်ပြိုကျတာဖြစ်ပြီး ဧရာဝတီနဲ့ ဂွမြို့နယ်ကို သွားလာနေကြတဲ့ ကားဆယ်ဂဏန်းနဲ့ချီပြီး ပိတ်ဆို့နေကြတာ ဖြစ်တယ်လို့ ဂွမြို့ခံတဦးက ပြောပါတယ်။
“အဲဒီနေရာမှာက အရင်ကတည်းက လမ်းကပျက်နေတာရှိတယ်။ အခုတော့ တောင်လည်း ပြိုကျသွားတာကြောင့် ကားတွေက ဘယ်လိုမှ သွားလို့မရတော့ဘူး။ ဂွဘက်က ဒီရက်ပိုင်း မိုးက တအားသည်းသည်းထန်ထန် ရွာသွန်းတာကြောင့် တောင်ကျော်လမ်းတွေက တော်တော်လေးကို အန္တရာယ်များတယ်။ အခုက ဂွမြို့ကလူတွေနဲ့ ကားသမားတွေ မြေတွေကို ဖယ်ရှားနေကြတယ်။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ဝင်ပေါက်တွေအကုန်လုံးကို ပိတ်ဆို့ထားတာဖြစ်ပြီး အခုပျက်စီးနေတဲ့ ဂွ-ငါးသိုင်းချောင်း လမ်းပိုင်းတခုတည်းကိုသာ သွားလာခွင့်ပြုထားတာ ဖြစ်ပါတယ်။
အဲဒီလမ်းပိုင်းမှာ ဇူလိုင် ၂၇ ရက်ကလည်း ကားလမ်းအက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လမ်းပိုင်းကို အရေးပေါ်ပြုလုပ်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပျက်စီးနေတဲ့ လမ်းပိုင်းကနေပြီး သံတွဲမြို့နယ်က စစ်ဘေးရှောင်တွေ ပြည်မဘက်ကို စစ်ရှောင်တာတွေနဲ့ ဂွမြို့နယ်က ဒေသခံတွေ ကုန်စည်တင်ဆောင်တာတွေ၊ ခရီးသွားလာတာတွေကို အဓိကလုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဂွမြို့နယ်အတွင်း စစ်ကောင်စီက အင်းအားတိုးချဲ့ချထားတာတွေ၊ လုံခြုံရေး တင်းကျပ်တာတွေ ပြုလုပ်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဧရာဝတီနဲ့ ရန်ကုန်တိုင်းဘက်ကို တိမ်းရှောင်လာကြတဲ့ ဒေသခံတွေလည်း ရှိလာတယ်လို့ သိရပါတယ်။