စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဩဂုတ် ၁၅ ရက် မနက် ၄ နာရီ ၂၅ မိနစ်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။
အဆိုပါစစ်တပ်ဟာ ရေဦးမြို့တွင်းကနေ အင်အား ၈၀ ကျော်နဲ့ မြိုပြင်ကို စစ်ကြောင်းထွက်ရင်း တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရေဦးဒေသခံတဦးက ပြောပါတယ်။
“ဒီမနက် ၄ နာရီလောက်က ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ကောင်တွေက စစ်ကားတွေနဲ့ မြို့အပြင်ကို စထွက်လာတယ်။ မြို့အနောက်ဘက် ဂါဝီဂိတ်အနီးကျတော့ ကားပေါ်ကနေဆင်းပြီး ရေဦးအနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတယ်။ ရွာသားအများစုကတော့ မိုးရွာတဲ့အထဲ နေရပ်စွန့်ခွာနေကြရတယ်။”
စစ်တပ် စစ်ကြောင်းထိုးလို့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေဟာ ငြုတ်တုံရွာ၊ မုတ်စီရွာနဲ့ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာက ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။
“သူတို့လှုပ်ရှားတာနဲ့ ဂါဝီဂိတ်နဲ့ မီတာ ၆၀၀ အကွာကနေ ရှေ့ထွက်မိုင်းနှစ်လုံးက တပွိုင့်၊ ပတ်လည်မိုင်းလေးတွဲတပွိုင့်၊ မိုင်းကြီးနှစ်လုံးတွဲတပွိုင့်၊ စုစုပေါင်း သုံးပွိုင့်နဲ့ အသင့်ကြိုထောင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ စစ်တပ် ထင်မှတ်မထားတဲ့ နေရာကနေ မိုင်းဆွဲခဲ့တာ့ စစ်သားအများအပြား ထိခိုက်သေဆုံးလိမ့်မယ်။ ကျနော်တို့ရဲဘော်တွေကတော့ မိုင်းဆွဲပြေးခဲ့ရတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ကျနော်တို့ဘက်ကို ပြန်ပစ်တယ်။ ထိခိုက်မှုတော့ မရှိခဲ့ဘူး” လို့ ၅/မဟူရာကျွဲရိုင်းအဖွဲ့ တာဝန်ရှိသူ ကိုတိုးကြီးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပ.က.ဖ (တောင်ပိုင်း) ၅/မဟူရာကျွဲရိုင်း၊ RDDF (ရွှေဘိုခရိုင်ပကဖ တိုက်ခိုက်ရေး)၊ ကိုကျားကြီးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၄ ရက် ည ၇ နာရီမှာ ထီးလင်းမြို့နယ် တောမရွာအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃၆ နှစ်အရွယ် မတင်တင်အေး သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထီးလင်းဒေသခံတဦးက ပြောပါတယ်။
“တောမရွာထဲတော့မဟုတ်ဘူး၊ တောမလမ်းဆုံကို ညက ဂျက်ဖိုက်တာနဲ့ လာကြဲတာ၊ ရေမျက်နီက စစ်ဘေးလာရှောင်တဲ့ အမျိုးသမီးတဦးက ပွဲချင်းပြီး ဆုံးသွားတယ်၊ ရေမျက်နီ စစ်ဘေးရှောင် ကလေးတယောက်နဲ့ အခြားအမျိုးသမီးတယောက်လည်း ထိခိုက်ဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်။
ထီးလင်းမြို့နယ်က စစ်ကောင်စီတပ်တွေ အခြေချထားတဲ့ ရေမျက်နီကျေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ထီးလင်းဒေသခံတွေက ပြောပေမဲ့ ဒေသကာကွယ်ရေး ရဲဘော်တွေကို ဆက်သွယ်မရတဲ့အတွက် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။