Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေသော်လည်း နောင်ချိုကို ဆက်လက်ထိန်းချုပ်ထားနိုင်ဟု TNLA ပြော
DVB
·
August 14, 2024
Photo - TNLA

TNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့မှာ တိုက်ပွဲပြင်းထန်နေပေမဲ့ မြို့ကိုတော့ ဆက်လက်ထိန်းချုပ်နိုင်ဆဲပဲ ဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သိရပါတယ်။

ဒီနေ့အထိ နောင်ချို့မြို့နဲ့ သီပေါမြို့တို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နောင်ချိုဘက်မှာ ဆိုရင် လပခ ကနေ အင်အားဖြည့်တင်းလာတဲ့ တပ်တွေနဲ့ တောင်ခမ်းဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

“နောင်ချိုမှာ တိုက်ယူနေရတာက ရှမ်းတောင်ဘက်၊ ရပ်စောက်ကနေ ဖြတ်လာပြီး အင်အားဖြည့်လာတဲ့ တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အလယ်ပိုင်းကနေ စစ်ကူပို့လာတဲ့ တပ်သားတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နောင်ချိုမြို့ကို ထိန်းသိမ်းနိုင်တယ်။ ထိန်းချုပ်နိုင်တယ်။ အုပ်ချုပ်ရေးစီမံဆောင်ရွက်မှုတွေကို လုပ်နိုင်ပါတယ်။ ရှမ်းတောင်နဲ့ဆက်စပ်နေတဲ့ တောင်ခမ်းမှာပဲ တိုက်ပွဲတွေဖြစ်နေတာ ဖြစ်ပါတယ်။” 

နောင်လင်ရွာမှာလည်း တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂) တပ် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅) တပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းတို့နဲ့ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ TNLA က ထုတ်ပြန်ထားပါသေးတယ်။

ဒါ့အပြင် သီပေါမြို့က ခလရ (၂၃)၊ ခလရ (၅၀၃) နဲ့ (၅၀၄)တပ်တွေနဲ့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေပြီး သီပေါအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ ချိတ်ဆက်ပြီး စေလွှတ်ပေးနေတယ်လို့ သိရပါတယ်။

သူတို့မိသားစုဝင်တွေနဲ့ ချိတ်ဆက်ပြီး ပြန်လွှတ်ပေးပြီ ဖြစ်ပါတယ်။ တချို့ကတော့ နေအိမ်တွေ ပြန်ရောက်သွားပြီ။ တချို့ကတော့ ပြန်မရောက်သေးတာမျိုးတွေ ရှိပါတယ်လို့ လွေးယေဦးက ဆက်ပြောပါတယ်။

နောင်ချိုမြို့နယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ တကြိမ်၊ Y-12 ထောက်ပို့လေယာဉ်နဲ့ ၁၁ ကြိမ်၊  ဗုံး ၈၅ လုံး လာရောက်ကြဲချခဲ့သလို တပ်မဟာ (၂) နယ်မြေ သီပေါမြို့မှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ တကြိမ်၊ Y-12 ထောက်ပို့လေယာဉ်နဲ့  ၈ ကြိမ် ဗုံး ၄၄ လုံး လာကြဲချခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ ရဲ့ ရက် ၅၀ မြောက်နေ့မှာတော့ နောင်ချိုနဲ့ သီပေါမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၂၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ TNLA ကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013