ပြင်ဦးလွင်မှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်က ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာ သြဂုတ် ၁၉ ရက် သင်တန်းဆင်းမယ့် ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် ၁၁၇/၂၀၂၃ ကို သြဂုတ် ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ထဲရေးနဲ့နီးစပ်သူတယောက်က “အရင်က သြဂုတ်လ ၁၉ ရက်သင်တန်းဆင်းဖို့ လုပ်ထားတာ။ ပြင်ဦးလွင်တပ်နယ်မှူးရော၊ ပြည်ထဲရေးဝန်ကြီးရော တင်ပြချက်အရ သင်တန်းကို ၁၀ ရက်စောပြီး ဆင်းလိုက်တာ၊ တိုက်ပွဲတွေဖြစ်လာမှာစိုးလို့” လို့ ပြောပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို မကြာသေးခင်ကမှ ရဲဗိုလ်ချုပ်ကနေ ဒုတိယရဲဗိုလ်ချုပ်ကြီးအဖြစ် စစ်ခေါင်းဆောင်က ရာထူးတိုးပေးခဲ့တဲ့ ရဲချုပ် ဝင်းဇော်မိုး တက်ရောက်ပြီး ‘နိုင်ငံလွတ်လပ်ရေးရပြီး မကြာခင်အချိန်မှာပဲ ရောင်စုံသူပုန်တွေ ထကြွသောင်းကျန်းခဲ့လို့ စစ်ရဲနဲ့ မြန်မာပြည်ရဲအဖွဲ့တို့ ပူးပေါင်းလက်တွဲပြီး အရိန္ဒမာစစ်ဆင်ရေးအမည်နဲ့ နှိမ်နင်းခဲ့ရကြောင်း၊ ပြည်ထောင်စု စစ်ရဲတပ်ရင်းက စစ်ရဲ ဗိုလ်မှူးအေးချိုဟာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့လို့ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ် ရရှိခဲ့ကြောင်း’ပြောရင်း အဲဒီလို တာဝန်ထမ်းဆောင်ကြရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ‘ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အချင်းကို မြှင့်တင်သွားပြီး ပြည်သူလူထု အသက်အိုးအိမ်ကို ကာကွယ်သွားမယ်သွားလို့ မိန့်ခွန်းမှာပြောခဲ့ပေမယ့် ယုံကြည်လက်ခံတဲ့သူမရှိဘူးလို့လည်း အမည်မဖော်လိုတဲ့ ရဲအရာရှိတယောက်က ပြောပါတယ်။
“ဒီစကားတွေကို ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ဗိုလ်ချုပ် ဇင်မင်းထက်၊ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင် တို့လည်း ပြောခဲ့တာပဲ။ ရဲချုပ်က ရဲတွေ ကာကွယ်ဖို့ မပြောနဲ့၊ ပျောက်နေတဲ့ကိစ္စ ပြောလို့ တာဝန်က အနားပေးလိုက်တဲ့ ရဲမှူးတွေမှ အများကြီး” လို့ ပြောပါတယ်။
ဒုရဲအုပ်လောင်းသင်တန်း အမှတ်စဉ် ၁၁၇ ကနေ တပ်တွင်းဘွဲ့ရအမျိုးသား ၂၁၇ ယောက်နဲ့ တပ်တွင်းဘွဲ့ရ အမျိုးသမီး ၁၂၉ ယောက်၊ စုစုပေါင်း ၃၄၆ ယောက် သင်တန်းဆင်းခဲ့တာဖြစ်ပါတယ်။