Home
မြန်မာသတင်း
မြင်းခြံခရိုင်တွင် တိုက်ပွဲများ ပြင်းထန်နေ
DVB
·
August 10, 2024

မြင်းခြံခရိုင်အတွင်းက မြင်းခြံ၊ နွားထိုးကြီးမြို့တို့မှာ သြဂုတ် ၁၀ ရက် ဒီနေ့မနက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

မြင်းခြံမြို့နဲ့ နွားထိုးကြီးမြို့က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး မြင်းခြံမြို့အထွက်ဂိတ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

“လေယာဉ်နဲ့လည်း ဗုံးကြဲနေတယ်။ နွားထိုးကြီးလည်း ဗုံးကြဲခံရတယ်ပြောတယ်။ စစ်ရေးအခြေအနေ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ တိုက်ပွဲပြင်းထန်နေဆဲမို့လို့ပါ” လို့ တော်လှန်ရေးသတင်းအရင်းမြစ်တဦးက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာမှာဖြစ်တဲ့အတွက် မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းမှာ သွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ အဆိုပါလမ်းပိုင်းကို အသုံးမပြုဘဲ ရှောင်ကွင်းသွားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်သတိပေးခဲ့ပါသေးတယ်။

လက်ရှိမှာ နွားထိုးကြီးရဲစခန်းနဲ့ စိုက်ပျိုးရေးဘဏ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်နေတဲ့အတွက် ပြည်သူတွေ ဂရုပြုနေထိုင်ကြဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးပါတယ်။

အဆိုပါတိုက်ပွဲတွေဟာ လက်ရှိအချိန်အထိ ပြင်းထန်နေဆဲဖြစ်ပြီး တပ်ဖွဲ့ဝင်တွေနဲ့ အဆက်အသွယ်မရရှိသေးဝာာကြောင့် အခြေအနေအသေးစိတ်ကို ပြောလို့မရသေးဘဲ အခြေအနေသိရပါက ပြန်လည်အကြောင်းပြန်ပေးသွားမယ်လို့ Myingyan Black Tiger  တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ နွားထိုးကြီးနဲ့မြင်းခြံကို PDF တပ်ဖွဲ့ အင်အား ထောင်ချီပြီး ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ဗုံးကြဲပြီး စစ်ကူပေးဖို့ တောင်းဆိုနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013