Home
မြန်မာသတင်း
လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် ပြည်သူများ သတိထားသွားလာကြရန် KNDF ပြော 
DVB
·
August 8, 2024
449823678_1683452819083409_1808860530678775661_n

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် သတင်းအချက်အလက်လေးတွေ၊ ထုတ်ပြန်ချက်တွေကို အလေးထားကြည့်ရှုပြီးမှ သွားလာကြဖို့ ကရင်နီအမျိုးသားများကွယ်ရေးတပ်ရဲ့  ဒု-စစ်ဦးစီးချုပ် မာဝီက DVB ကို ပြောပါတယ်။

“ဒီလွိုင်ကော်မြို့မှာ ဆက်လက်ပြီးတော့ တိုက်ပွဲတွေ ပြင်းထန်လာပါလိမ့်မယ်။ ကျနော်ကတော့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။ အဲဒါကြောင့်မို့လို့ သတင်းအချက်အလက်လေးတွေ၊ ကျနော်တို့ဘက်က ထုတ်ပြန်တာလေးကို အလေးထားကြည့်ရှုပြီးမှ ပြန်ခြင်းမပြန်ခြင်း၊ ပြန်နေခြင်းမနေခြင်း ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ကျနော် သတိပေးစကားလေးကို ကျနော်ပြောကြားလိုပါတယ်။”  

ဩဂုတ် ၇ ရက်နေ့မှာလည်း လွိုင်ကော်-ဒီးမော့ဆိုကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်း မကြီးနဲ့ ဆက်စပ်တဲ့ လမ်းပိုင်းတွေမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီလမ်းတွေကို အသုံးပြုသွားလာတာမလုပ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အသိပေးထုတ်ပြန်ထားပါတယ်။

ဇူလိုင်လဆန်းပိုင်းလောက်စပြီး လွိုင်ကော်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အား အလုံးအရင်းဖြည့်တင်းမှုကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲပါတယ်။

လွိုင်ကော်မြို့ပေါ်က မိုင်းလုံး ၊ ရွာတန်းရှည်၊ နမ့်ဘော်ဝမ်၊ ထူဒူငံသ၊ စိုက်ကွင်း ၃၊ ဒေါဆန်းဘွန်းနဲ့ ပန်ကန်း ရပ်ကွက်/ကျေးရွာ တလျှောက် တိုက်ပွဲတွေဖြစ်ပွားပြီး မြို့တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကို KNDF ဒု-စစ်ဦးချုပ် ထပ်မံသတိပေးလိုက်တာပါ။

ဘောလခဲခရိုင်အတွင်းက ရေကျော်တပ်စခန်းကိုလည်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေက ဒီကနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သိမ်းပိုက်ခဲ့ကြောင်းလည်း ကန္တာရဝတီတိုင်း(မ်)မှာ ဖော်ပြထားပါတယ်။

ဘောလခဲ ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရေးပါတဲ့ မယ့်စလောင်းတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မယ့်စလောင်း တောင်စခန်းက စစ်ကောင်စီတပ်အင်အားတွေ ရေကျော်တပ်စခန်းမှာ အခြေချပြန်လည်နေထိုင်ကြရာကနေ အခု သိမ်းပိုက်ခံခဲ့ရတာဖြစ်ပါတယ်။

“ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ တော်တော်များများကတော့ သေသေချာချာပေါင်း စပ်ညှိနှိုင်းပြီးတော့ လုပ်ကိုင်နေတဲ့ အခြေအနေတွေမှာရှိပါတယ်။ အဲတော့ ရှမ်းမြောက်မှာ အောင်ပွဲတွေရတာက ကရင်နီအောင်ပွဲတွေပဲဖြစ်တယ်။ ကရင်နီမှာ အောင်ပွဲရတာက ရှမ်းမြောက်နဲ့ တတိုင်းတပြည်လုံးရဲ့ အောင်ပွဲတွေ ဖြစ်တယ်။ စစ်ကိုင်းမှာ စစ်ကောင်စီကို ထိုးနှက်လိုက်နိုင်တာသည်  ကျနော်တို့ရဲ့၊ တတိုင်းပြည်လုံးရဲ့ အောင်ပွဲတွေဖြစ်တယ်။ အဲလိုပဲ ကရင်ပြည်နယ်မှာ စစ်ကောင်စီစခန်းတွေ သိမ်းလိုက်နိုင်တာသည် ဒီတိုင်းတပြည်လုံးနဲ့ သက်ဆိုင်နေတယ်ပေါ့လေ။ ဒါကြောင့်မို့ တော်လှန်ရေးအင်အားစုတွေကတော့ စုဖွဲ့မှု ကြီးကြီးမားမားနဲ့ စည်းစည်းလုံးလုံးနဲ့ စပြီးတော့မှ အကောင်အထည်ဖော်နေတဲ့အခြေအနေ တွေဖြစ်တဲ့အတွက်ကြောင့် သိပ်မကြာခင်မှာ‌တော့ ကရင်နီမှာမှ မဟုတ်ဘူး၊ တနိုင်ငံလုံး မြို့ရဲ့ ကြီးငယ်လိုက် အကုန်လုံးကတော့ တော်လှန်ရေးအင်အားစုတွေထဲမှာ  ကျရောက်မယ့် အခြေအနေမျိုးတွေ ရှိနေပါတယ်။ ပြန်လည်သိမ်းပိုက်ပြီးတော့ ပြည်သူ့မြို့၊  ပြည်သူ့ရွာ ပြည်သူ့အိုးအိမ်ကို ပြည်သူ့လက်ထဲ ပြန်ပေးနိုင်ဖို့ကတော့ ကျနော်တို့တော်လှန်ရေး အင်အားစုတွေအားလုံး Coordination  ကောင်းကောင်းလေးနဲ့ အလုပ်လုပ်နေတဲ့အခြေအနေ ဖြစ်ပါတယ်” လို့  ကရင်နီအမျိုးသားများကွယ်ရေးတပ်ရဲ့  ဒု-စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013