Home
မြန်မာသတင်း
မိုးမောက်က လက်ကျန်စစ်တပ်ကို KIA တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်
DVB
·
August 10, 2024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က စစ်ကောင်စီတပ်လက်ကျန် ခမရ ၄၃၇ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းနေပြီး စခန်းမကျရေးအတွက် စစ်ကောင်စီဘက်က အပြင်းအထန်ခုခံနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ခမရ ၄၃၇ တပ်ရင်းနေရာကို KIA က ဇူလိုင် ၂၄ ရက်နေ့ကစလို့ ထိုးစစ်ဆင် တိုက်ပွဲ ဖော်ဆောင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “ခမရ ၄၃၇ တပ်စခန်း တချို့တဝက်ကိုတော့ သိမ်းဆည်းရမိပြီလို့ သိရတယ်။ တချို့တဝက်မှာတော့ စကစ တပ်သားတွေက အသေခံပြီးတော့ အပြင်းအထန်ခုခံနေတာ တွေ့ရတယ်။ နောက်တခုက လေကြောင်းတိုက်ခိုက်မှုလည်း နေ့တိုင်းရှိတယ်။ အပြင်းအထန် လုပ်တယ်။ တနေ့ကို အနည်းဆုံး ဂျက်တိုက်လေယာဉ်နဲ့ အနည်းဆုံး ၂ ခေါက်ကနေ ၃ ခေါက်ကြား ပုံမှန်လာပြီး ပစ်ခတ်တာတွေ ရှိတယ်။ အဓိကတော့ KIA တပ်သားတွေက စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တဲ့အခါ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ခမရ ၄၃၇ တပ်စခန်း ပတ်ဝန်းကျင်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းတွေ အများအပြား ထောင်ထားတယ်လို့ သိရပါတယ်။

မိုးမောက်မြို့အတွင်းက စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့တဲ့မေ ၇ ရက်နဲ့ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့ပြင်က ခ.မ.ရ ၄၃၇ တပ်စခန်းတခုပဲ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မိုးမောက်ဒေသခံတွေကတော့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မတ်လကတည်းက ဘေးလွတ်ရာကို  ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး လက်ရှိအချိန်ထိနေရပ်မပြန်နိုင်သေးပါဘူး။

ဒေသခံတယောက်က “ကျမတို့က အဝေးကြီးလည်းမပြေးနိုင်တော့ ရွာနဲ့မလှမ်းမကမ်းမှာပဲ စစ်ရှောင်ကြတော့ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းကြားရတယ်။ လေယာဉ်ဝဲသံတွေလည်း အမြဲတမ်းကြားနေရတယ်။ အဲတော့ အမြဲတမ်းစိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ကစပြီး မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာမှာတင်မဟုတ်ဘဲ ဗန်းမော်မြို့နဲ့ အနီးဆုံးနေရာ တက္ကသိုလ်ကျောင်းအနောက်ဘက်ခြမ်းတလျှောက် ကျေးရွာတွေအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တယောက်က ပြောပါတယ်။

 “ခမရ ၄၃၇ အပြင် ဗန်းမော်မြို့နယ်ထဲမှာဆိုရင် ဗန်းမော်နဲ့ မံစီကြားက ကောင်ဂျာယန် ကျေးရွာမှာလည်း စစ်ကောင်စီဘက်က ခံစစ်အကြီးအကျယ်ပြုလုပ်ပြီး ခုခံနေတယ်လို့ သိရတယ်။ မံစီနဲ့ ဗန်းမော်လမ်းမပေါ်မှာကျတော့ တိုက်ပွဲမရှိပေမယ့် နှစ်ဖက်တင်းမာနေတဲ့ အခြေအနေဖြစ်တယ်လို့ သိရတယ်။ နောက်ပြီး ဗန်းမော်တက္ကသိုလ် နန့်ဖားဘက်ခြမ်းမှာ စစ်ကောင်စီက ခံစစ်အပြင်းအထန် ပြုလုပ်ပြီး ခုခံနေတယ်။ ဗန်းမော်မြို့နယ်ထဲ မိုးမောက် မံစီ တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ပြီး ဒရုန်းအားကောင်းကောင်းနဲ့ ခုခံနေတာတွေ၊ တပ်စခန်းပတ်ဝန်းကျင်မှာလည်း မြေမြှုပ်မိုင်းတွေရာချီခင်းပြီး ခံစစ်ပြင်ထားတဲ့ အခြေအနေဖြစ်တယ်”

လက်ရှိ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ဗန်းမော်၊ မိုးမောက်၊ မံစီ ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း နေရာတွေကို အပြီးသတ်သိမ်းပိုက်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

မိုးမောက်တပ် ခမရ ၄၃၇ တပ်ရင်း၊ မံစီ ခမရ ၆၀၁ တပ်ရင်း၊ ခမရ ၃၁၉ တပ်ရင်းနေရာတွေကို KIA က ပြီးခဲ့တဲ့ မေလလောက်ကတည်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမယ့် တပ်စခန်း လက်မလွတ်ရေးအတွက် စစ်တပ်က  လေကြောင်းအင်အားအသုံးပြုပြီး ကာကွယ်ခဲ့တာဖြစ်ပါတယ်။

ဗန်းမော်မြို့နယ်နဲ့ မိုးမောက်၊ မံစီဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာတဲ့အတွက် KIO ထိန်းချုပ်နေရာမှာရှိတဲ့ လွယ်ဂျယ်၊ မိုင်ဂျာယန် စတဲ့ မြို့တွေမှာ စစ်တပ်ရဲ့လေကြောင်းရန်ကို သတိထားဖို့ အသိပေးပြောဆိုတာတွေရှိသလို ကချင်ပြည်နယ်တခုလုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ဖို့ KIO ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဒေသတွင်းမီဒီယာတွေက တဆင့်သတိပေးပြောဆိုထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013