ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ဝန်းကျင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး လေယာဉ်နဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂၀ ကျော် သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေနဲ့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။
သီပေါမြို့ဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပြီး ၆ ရက်အတွင်း မြို့ပေါ် ရပ်ကွက်တွေက ဒေသခံ ၂၀ ယောက်ဝန်းကျင်သေဆုံး၊ ဒဏ်ရာရခဲ့တာလို့ မြို့ခံတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။
ဩဂုတ် ၉ ရက်ကနေ ဩဂုတ် ၁၃ ရက်အထိ သီပေါမြို့က ကုန်းဆုံရွာ၊ မြို့ဟောင်း၊ တုံစင့်ရပ်၊ နားလွယ်၊ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ မြို့လယ်ရွှေစေတီနဲ့ မြို့လယ်ရပ်မှာရှိတဲ့ ဒေသခံတွေထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ၅ ရက်အတွင်း အရပ်သား ၁၁ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့ကြောင်း TNLA ကလည်း ထုတ်ပြန်ပါတယ်။
သီပေါမြို့ခံ အမျိုးသားတဦးက “လူမှုကူညီရေးအသင်းရော၊ တခြားမြို့ခံတွေရော သူတို့လည်းမ ပြေးသေးဘဲ ဒီဟာတွေ လုပ်ပေးနေတာပေါ့နော်။ ဒဏ်ရာရတဲ့လူတွေ၊ သေဆုံးတဲ့သူတွေဆိုလည်း သွားသယ်ပြီးတော့ သွားသင်္ဂြိုလ်ပေါ့နော်။ အကုန်လုံး လုပ်နေရတာ။ သူတို့တောင်မှ သင်္ဂြိုလ်လိုက်တဲ့သူတွေ နာမည်တွေ ဘာတွေ ဘာမှကို ကွန်ဖန်းမရဘူး။ ပြီးရင် သီပေါမြို့ခံတွေကို စစ်ရှောင်ဖို့အတွက် ကျောက်မဲတွေကို ပို့ပေး နေရတာတမျိုးဆိုတော့ နာမည်တွေတောင် ကျနော် မေးလို့မရဘူး ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေက TNLA၊ MNDAA တို့ပါဝင်တဲ့ ပူးပေါင်းတပ်တွေဘက်က လက်နက်ချဖို့ ညှိနှိုင်းအပြီး တိုက်ပွဲဆက်မဖြစ်တော့ဘူးလို့ ယူဆကာ တချို့မြို့ခံတွေက မြို့ထဲမှာဆက်နေတာကြောင့် အခုလိုထိခိုက်ရတာလို့ သူ ခန့်မှန်းပါတယ်။
ဒီနေ့အထိဆိုရင် သီပေါမြို့မှာ မြို့ခံ ၇၀ ရာခိုင်နှုန်းဝန်းကျင်လောက်က ကျောက်မဲ၊ နမ့်လန်နဲ့ ပန်လုံဘက်တွေကို စစ်ရှောင်သွားကြပြီး ကျန်ရစ်နေတဲ့မြို့ခံအနည်းစုကို ပရဟိတသမားတွေက ကူညီကယ်ထုတ်ပေးနေကြောင်း ဆိုပါတယ်။
ကျောက်မဲမြို့ခံ ပရဟိတသမားတဦးက“ ဒဏ်ရာရတာတွေ၊ ထိခိုက်တာတွေကို သူတို့ဆေးခန်းလေး ဖွင့်ပြီးတော့မှ အတတ်နိုင်ဆုံးတော့လုပ်ထားမယ်။ အခွင့်သာတာနဲ့ ဒီကလာထုတ်ပေးဖို့ဆိုတာတော့ ချိတ်ထားတာ ရှိတယ်။ အဲတာပဲ ကျန်တာမသိရဘူး။ ဒဏ်ရာပြင်းထန်မှုပေါ်ရှိမယ်ထင်တယ် မနေ့ကတော့ သူတို့ကရှိတယ်တဲ့ ဒဏ်ရာရထားတာ ၁၀ ယောက်တော့ကျော်တယ်။ ဒါပေမဲ့ တအားအကြီးစားကြီးတော့ မဟုတ်ဘူး။ အစလေးတွေ ထိထားတာရှိတယ်တဲ့ အဲလိုပဲပြောပြီး ပြန်ဝင်သွားတာလေ”လို့ ပြောပါတယ်။
သီပေါတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သူတွေထဲမှာ ဘုန်းကြီး၊ သီလရှင်နဲ့ ကလေးငယ်တွေလည်းပါဝင်ပြီး သေဆုံးခဲ့သူတွေကတော့ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦး ဖြစ်တယ်လို့ သိရပါတယ်။
စစ်ရေးအနေနဲ့ကတော့ သီပေါမြို့နဲ့ အနီးဆုံးမှာရှိတဲ့ ခလရ ၂၃ တပ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး တပ်ကျလုနီးပါးဖြစ်တာကြောင့် ဩဂုတ် ၁၃ ရက်နေ့က လေယာဉ်နဲ့ဗုံးတွေဆက်တိုက်ကြဲချခဲ့တယ်လို့ သီပေါမြို့ခံက ပြောပါတယ်။
သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၃)၊ ခမရ (၅၀၃) နဲ့ ခမရ (၅၀၄) တပ်တွေ အခြေစိုက်တာဖြစ်ပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပျက်တောက်နေတဲ့အတွက် DVB အနေနဲ့ အသေးစိတ်ကိုအတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းဖြစ်ပါတယ်။
စိုးသူအောင်