Home
မြန်မာသတင်း
ကျောက်ပန်းတောင်း ပျူစခန်းစီးနင်းခံရ၊ မင်းလှအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ၊ ရေဦးတွင် စစ်တပ်က အင်အားဖြည့်၊ မြင်းခြံရဲတပ်သား ၁ ဦး ဖမ်းမိ
DVB
·
August 14, 2024

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ ပွဲခင်းရွာမ ပျူစောထီးကျေးရွာ တပ်စခန်းကို သြဂုတ် ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Kyaukpadaung Special Defense Force ဆီကနေ သိရပါတယ်။

ကျောက်ပန်းတောင်းအထူးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “အဲဒီရွာက ကျောက်ပန်းတောင်းမြို့နယ်နဲ့ ချောက်မြို့နယ် အစပ်မှာရှိတာ။ ပျူစောထီးခေါင်းဆောင်ရဲ့အိမ်မှာ စစ်သားတွေက ပျူတွေနဲ့ပေါင်းပြီး တပ်စွဲနေတာ ကြာပြီ။ သူတို့ တပ်စွဲနေတဲ့ အိမ်ကို ၁ နာရီလောက်ပဲ တိုက်လိုက်ရတယ်။ ဘန်ကာတွေကို RPG နဲ့ အရင်ဖြိုတာ စစ်သား ၃ ကောင်နဲ့ ပျူ ၃ ကောင်သေတယ်။ ကျန်တဲ့ကောင်တွေကတော့ ထွက်ပြေးသွားကြတယ်။ ၂၀ နီးပါးလောက် ရှိမှာပေါ့။ လက်နက်ခဲယမ်းတချို့တော့ သိမ်းဆည်းရရှိခဲ့ပါတယ်” လို့  ပြောပါတယ်။

အဆိုပါ ပျူစောထီးတပ်စခန်းကို စီးနင်းတိုက်ခိုက်မှုကနေ ကာဘိုင်သေနတ် ၂ လက်၊ တတောင့်ထိုးရှော့ဂန်း ၁ လက်၊ ကာဘိုင်ကျည် ၉၈ တောင့်၊ ကာဘိုင်ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံးနဲ့ အသုံးအဆောင်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းအထူးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “အဲဒီစခန်းကကောင်တွေက ပြည်သူတွေကို မကြာခဏ ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ ကျနော်တို့ဆီကို တိုင်စာတွေ မကြာခဏရောက်လို့ အခုလို သူတို့စခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကနေ ကျနော်တို့ဘက်က ရဲဘော် ၂ ဦး ဒဏ်ရာရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ကြရပါဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Kyaukpadaung Special Defense Force, Bagan Bo Cho PDF, မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ မကွေးတိုင်းပကဖ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Oak Awe UG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Chauk Revolution Army, ချောက်ပကဖ၊ ပခုက္ကူမြို့နယ်ပကဖ၊ Chauk Guerrilla Force, Y.R.F, ပေါက် ပကဖ၊ တောဇီးကွက်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ People Defence Force သခင်ဖိုးလှကြီးတပ်ခွဲ Chauk, မြိုင်ပကဖ၊ Burma Ranger Revolution, YRF တပ်ရင်း ၁၂၊ မင်းသားကြီးတပ်ဖွဲ့၊ Yenathar Youth Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး  သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။

ဆင်တဲကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်မှာ ကျေးရွာအတွင်း လက်ပစ်ဗုံး ဆောင်ထားကာ တော်လှန်ရေးအဖွဲ့တွေကို စိန်ခေါ်ခဲ့တာကြောင့်  သြဂုတ် ၁၂ ရက်  မွန်းလွဲ ၂ နာရီခန့်က သေနတ်နဲ့ ၁၅ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၃ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

“သူက ရွာထဲမှာ လက်ပစ်ဗုံးတလုံးဆောင်ပြီး PDF တွေကို ကြိုက်တဲ့အချိန် လာဆိုပြီး စိန်ခေါ်ထားတာ။ မနေ့က နေ့လယ်ပိုင်းလောက်က မင်းလှကနေ ရွာကိုအပြန် စိန်ပုရွာထိပ်နားမှာ စောင့်ပြီးပစ်ခဲ့တာ။ အားလုံး ၁၅ ချက်လောက်ရှိမယ် ဝိုင်းပစ်တာ။”

ဦးသန်းမြင့်မှာ လက်နက်အားကိုးနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်လူစုတာ၊ တောင်သူ တွေထံကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေကောက်ခံကာ ကိုယ်ကျိုးအတွက် အသုံးပြုနေတယ်လို့ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နဲ့ မင်းလှပကဖ ရဲဘော်တွေက လုပ်ဆောင်ခဲ့ကြောင်းနဲ့ ဦးသန်းမြင့်ထံက လက်ပစ်ဗုံး ၁ လုံး၊ မိုဘိုင်းဖုန်း ၁ လုံး၊ ဓား ၁ လက်၊ ပေကြိုး ၁ ခုနဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

အလားတူ  ဩဂုတ် ၅ ရက်ကလည်း မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုညွန့်မြိုင်ကို အုတ်ဖိုမြေအောက် ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရ ပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရေဦးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ ဩဂုတ ၁၀ ရက်မှာ မုံရွာ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခ) ကနေ Mi-35၊ Mi-17 လေယာဉ် ၂ စီးနဲ့ ရေဦးမြို့ထဲကို ၂ ကြိမ် စစ်အင်အားတွေ ချနေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၁ ရက်မှာလည်း ဟုမ္မလင်းလေတပ်နဲ့ မုံရွာ နမခကနေ တိုက်ခိုက်ရေး လေယာဉ်နဲ့ ၃ ကြိမ် စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေ ချခဲ့တယ်လို့ သိရပါတယ်။

ရေဦးအခြေစိုက် People’s Defense Comrade တာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က “စုစုပေါင်း အင်အားဖြည့်တာက ၂ ရက်အတွင်း ၅ ခါပေါ့နော်၊ စစ်ကောင်စီ တပ်သားအသစ်တွေ ချတယ်၊ လက်နက်ကြီးတွေလည်း ချတယ်၊ သူတို့ချတဲ့ အင်အားကတော့ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ မြို့သိမ်းတိုက်ပွဲတွေလည်း စနေပြီဆိုတော့ ရေဦးနယ်မှာ ခံစစ်ပုံစံ ပြင်ဆင်လာတာတွေ ရှိတယ်။ ရေဦးနယ်နဲ့ ခင်ဦးနယ်ကို ဖြန့်ပြီး စစ်ကြောင်းထိုးမယ်လို့ သတင်းတွေကြားတယ်။ ရေဦးမြို့ထဲမှာ ဆိုရင် အ.ထ.က-၂ ကျောင်းဆောင်မှာ တပ်စွဲထားတယ်။ ရေဦးတိုင်းရင်းဆေးရုံမှာလည်း လက်နက်ကြီး အထိုင်ချထားတယ်”လို့ ပြောပါတယ်။

ရေဦးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၁၁ ရက် ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးမြို့နယ် ရွာသစ်ရွာက အသက် ၆၀ အရွယ် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီလောက်မှာလည်း စစ်အင်အားဖြည့်နေရင်း ရေဦးမြို့အထွက် အောက်ဆီဂျင်ရုံးအနီးနဲ့ အနောက်ဘက် မုန့်ဆီကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

စစ်ကြောင်းထိုးမယ့်သတင်းကြောင့် ခင်ဦးနယ်အနောက်ခြမ်း မြင်းကျ၊ ဥယျာဉ်လေး၊ ကျွန်းတောကြီးရွာတို့က ဒေသခံ ၂,၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ PDF သတင်းစုံစမ်းဖို့ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးထွက်လာတဲ့ ရဲတပ်သားတဦးကို သြဂုတ် ၉ ရက်မှာ အရှင်ဖမ်းမိကာ ပျူစောထီးတဦး သေဆုံးသွားတယ်လို့ Myingyan Black Tiger (MBT) ကနေ သိရပါတယ်။

Myingyan Black Tiger (MBT) ရဲ့ တာဝန်ခံတဦးက “ကျနော်တို့ရဲ့ စစ်ကြောင်း ၁ နယ်မြေထဲမှာ PDF သတင်းစုံစမ်းဖို့ အရပ်သားအသွင်ယူလာတဲ့ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် ဆိုင်ကယ်နဲ့လာတာကို ကြိုတင်သတင်းရလို့ လမ်းကနေ ဖြတ်ဖမ်းတာပါ။ ပျူစောထီးကတော့ အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရင်း သေသွားခဲ့တယ်။ အရပ်ဝတ်နဲ့လာတဲ့ ရဲကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိသူ ရဲတပ်သားဟာ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ တာဝန်ကျနေပြီး ရဲလုပ်သက် ၁၅ လနီးပါးသာ ရှိသေးတဲ့ ရဲတပ်သားအဆင့် ထွန်းလင်းသန့် ဖြစ်ကာ သေဆုံးသွားသူဟာ မြင်းခြံမြို့နယ်၊ ဆုံကျေးရွာက ပျူစောထီးအဖွဲ့ဝင်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ ရဲတပ်သား ထွန်းလင်းသန့် ဆီကနေ 7.62 ကျည် ၁၄၇ တောင့်၊ ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ် ၁ စီးတို့ သိမ်းဆည်းရရှိခဲ့ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးမှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း ၉ နှင့်အတူ Popa Guerilla Force (PGF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့​ကြတာလို့ သိရပါတယ်။

Myingyan Black Tiger (MBT) ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “ကျနော်တို့ရဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကာလအတွင်းမှာ မိဘပြည်သူတွေအနေနဲ့ မြင်းခြံ-နွားထိုးကြီး၊ မြင်းခြံ-တောင်သာလမ်းပိုင်းတွေကို လတ်တလောအနေနဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကစတင်ပြီး Myingyan Black Tiger-MBT (မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ ‘မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)’ အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013