Home
မြန်မာသတင်း
မြင်းခြံရှိ ဓာတ်အားပေးစက်ရုံ ၂ ရုံ ရပ်လိုက်သဖြင့် ဓာတ်အားပြတ်တောက်မည်ဟု YESC ကြေညာ
DVB
·
August 13, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ V-Power သဘာဝဓာတ်အားပေးစက်ရုံနဲ့ Sembcorp သဘာဝဓာတ်အားပေးစက်ရုံတို့ အရေးပေါ် ရပ်တန့်လိုက်တာကြောင့် ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ကြေညာပါတယ်။

မြင်းခြံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာချိန်မှာပဲ အဲဒီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ သဘာဝဓာတ်အားပေးစက်ရုံ ၂ ရုံမှာ သြဂုတ် ၁၂ ရက်က တပြိုင်တည်း ယာယီရပ်နားလိုက်တာ ဖြစ်ပါတယ်။

အဲဒီစက်ရုံ ၂ ရုံက စက်တွေ အရေးပေါ် ရပ်တန့်ခဲ့ရတဲ့အတွက် ဓာတ်အားပေးစက်တွေကနေ ဓာတ်အားစနစ်ကို ထုတ်လုပ်ပို့လွှတ်မှု ၄,၉၂၀ မဂ္ဂါဝပ်နာရီနီးပါး လျော့နည်းသွားတယ်လို့ YESC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဓာတ်အားပေးစက်တွေကနေ ဓာတ်အားစနစ်ကို ထုတ်လုပ်နိုင်မှုမရှိချိန် ကာလအတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေဖို့အတွက် ရေအားလျှပ်စစ်စက်ရုံတွေကနေ ဓာတ်အားဖြည့်တင်းတာ၊ အရေးပေါ် ဝန်အားထိန်းညှိတာ​တွေ လုပ်သွားမှာ​​ဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့မှာ သုံးစွဲဝန်အားထက် လျှော့ချပြီး ဓာတ်အား ဖြန့်ဖြူးပေးတာ၊ စက်မှုဇုန်တွေကို ညပိုင်းမှာ ဓာတ်အား​လျှော့ချ ဖြန့်ဖြူးပေးတာ​တွေကို ဆောင်ရွက်​နေသလို ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်မယ်ဆိုပြီး အသိပေးထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဓာတ်အားပေးစက်ရုံလုပ်ငန်းကို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း စင်ကာပူကုမ္ပဏီ Sembcorp Industries က မနေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။

အဲဒီစက်ရုံက လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံလုပ်ငန်းတွေကို နယ်မြေလုံခြုံရေး အခြေအနေအရ ဆိုင်းငံ့လိုက်ပြီး လုံခြုံမှုရှိပြီး သင့်တော်တဲ့ အချိန်မှာ ပြန်လည်ပတ်မှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

V-Power သဘာဝဓာတ်အားပေးစက်ရုံ အနေနဲ့လည်း မနေ့က ရပ်ဆိုင်းခဲ့ပေမဲ့ အဲဒီကုမ္ပဏီဘက်က ကြေညာချက်ထုတ်တာ မတွေ့ရသေးပါဘူး။

အခုလို ဓာတ်အားပေးစက်ရုံ ၂ ရုံ ရပ်လိုက်ပြီးတဲ့နောက် ရန်ကုန်မြို့မှာ မနေ့ကစပြီး ဓာတ်အားပြတ်တောက်ချိန်တွေ ပြန်တိုးလာတယ်လို့ မြို့နေလူထုဆီက သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတဦးက “မနေ့က ၁ နာရီပြတ်ရမယ့်မီးက ၁၁ နာရီလောက်ကတည်းက ပြတ်သွားတယ်။ ညဘက်လည်း လာလိုက် ပျက်လိုက်နဲ့ နွေရာသီတုန်းကလို အခြေအနေ ပြန်ဖြစ်လာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြို့နယ်တချို့မှာလည်း အလှည့်ကျ မီးဖြတ်မယ့်အချိန်တွေ ထပ်တိုးမယ်ဆိုပြီးလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် လျှပ်စစ်ရုံးတွေက အသိပေးချက်တွေ ထုတ်ပြန်လာပါတယ်။

ရန်ကုန်မြို့မှာ ဇူလိုင်လကုန်ပိုင်းကစလို့ ညနေ ၅ နာရီနောက်ပိုင်း မီးမဖြတ်တော့ပေမဲ့ ဒီနေ့ကစပြီး ညနေ ၅ နာရီကနေ ည ၉ နာရီအထိ အလှည့်ကျ မီးပြန်ဖြတ်သွားမယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013