မန္တလေးတိုင်းအတွင်းက စစ်ဆင်ရေးဖော်ဆောင်နေတဲ့ မြို့နယ် ၃ ခုက မြို့ချင်းဆက် လမ်းပိုင်းတွေကို ဒေသနေပြည်သူတွေ အသုံးမပြုကြဖို့ မြင်းခြံခရိုင် အခြေစိုက် တပ်ရင်းတွေက ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၀ ရက်ကစပြီး “မြင်းခြံခရိုင်အထူးစစ်ဆင်ရေးMDSO” အဖြစ် နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့တွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကာလအတွင်းမှာ မြင်းခြံ-နွားထိုးကြီး၊ မြင်းခြံ-တောင်သာ စတဲ့လမ်းတွေမှာ အရပ်သား ပြည်သူတွေသွားလာခြင်းမပြုဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“အခုက အသွားအလာက တအားခက်ခဲနေတဲ့ လမ်းတခုပါ။ မြင်းခြံ-နထိုး-တောင်သာက မိန်းလမ်းမကြီး တဖြောင့်တည်းပါ။ နထိုးကတော့ မြင်းခြံရဲ့ အရှေ့ဘက်ကျပါတယ်။ တောင်သာက မြင်းခြံရဲ့ တောင်ဘက်မှာပါ၊။ လမ်းပေါ်မှာက ၂ ဖက်စလုံးကရှိနေတော့ အချိန်မရွေးတိုက်ပွဲက ထဖြစ်နိုင်ပါတယ်၊ လက်ရှိလည်း တိုက်ပွဲဖြစ်နေတဲ့ အခြေအနေပါ၊ ပြည်သူတွေအနေနဲ့ စိုးရိမ်စရာရှိလို့ အသွားအလာမပြုကြပါနဲ့” လို့ Myingyan Black Tiger MBT တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။
မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့တို့ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး လက်ရှိမှာ သပိတ်ကျင်း၊ မြင်းခြံ၊ စဉ်းကူး၊ တောင်သာမြို့တို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။