Home
မြန်မာသတင်း
မြင်းခြံမြို့နယ်ရှိ စင်ကာပူအခြေစိုက် ဓာတ်အားပေးစက်ရုံ ယာယီပိတ်သိမ်း 
DVB
·
August 13, 2024

စင်ကာပူအခြေစိုက် Sembcorp စက်မှုလုပ်ငန်းကုမ္ပဏီက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လုပ်ကိုင်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ယာယီပိတ်သိမ်းကြောင်း ဩဂုတ် ၁၂ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

စင်ကာပူအစိုးရပိုင် Temasek ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရဲ့ အရင်းအနှီးနဲ့ တည်ထောင်ထားတဲ့ Sembcorp ရဲ့ မြင်းခြံ လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ လျှပ်စစ်ဓာတ်အား ၂၂၅ မီဂါဝပ် ထုတ်လုပ်နေတဲ့စက်ရုံ ဖြစ်ပြီး စက်ရုံလုပ်ငန်းလည်ပတ်မှုတွေကို နောက်ထပ်သတိပေးချက် မထုတ်ပြန်မချင်း ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခြေအနေတွေ တည်ငြိမ်တာနဲ့ တပြိုင်နက်တည်းမှာ ကုမ္ပဏီအနေနဲ့ ကျိုးကြောင်းဆီလျော်စွာ စက်ရုံလုပ်ငန်းလည်ပတ်မှုတွေ ပြန်လည်စတင်ဖို့ ကြိုးစားသွားမှာဖြစ်ကာ Sembcorp ရဲ့ ဦးစားပေးက ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို သေချာစေဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မကြာသေးခင်ကလည်း ဂျပန်နိုင်ငံက Unicharm ကော်ပိုရေးရှင်းလုပ်ငန်းကလည်း နိုင်ငံခြားငွေကြေး လွှဲပြောင်းမှု ကန့်သတ်ချက်တွေနဲ့ တခြားစီးပွားရေးလုပ်ဖို့ ခက်ခဲလာတဲ့ စိန်ခေါ်မှု အခြေအနေတွေကို အကြောင်းပြပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်တာကို ရပ်ဆိုင်းကြောင်း ကြေညာထားခဲ့တာပါ။

မြင်းခြံမြို့ရှိ V-Power သဘာဝဓာတ်အားပေးစက်ရုံနဲ့ Sembcorp သဘာဝဓာတ်အားပေးစက်ရုံတို့ အရေးပေါ် ရပ်တန့်လိုက်တာကြောင့် ယာယီဓာတ်အားပြတ်တောက်မှုတွေ ရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ကြေညာပါတယ်။

မြင်းခြံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာချိန်မှာပဲ အဲဒီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လည်ပတ်နေတဲ့ သဘာဝဓာတ်အားပေးစက်ရုံ ၂ ရုံ သြဂုတ် ၁၂ ရက်က တပြိုင်တည်း ယာယီရပ်နားလိုက်တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024