Home
မြန်မာသတင်း
မောင်တော စစ်ရှောင်များ ဆေးဝါးအရေးပေါ်လိုအပ်နေ
DVB
·
August 19, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ အနီးပတ်ဝန်းကျင်က စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးကုသစောင့်ရှောက်ဖို့ ဆေးဝါး အရေးတကြီး လိုအပ်ချက်တွေ ရှိနေတယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက သြဂုတ် ၁၆ ရက်မှာ အကူအညီတောင်းခံလိုက်ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော် (AA) က ကယ်ထုတ်ထားတဲ့ စစ်ဘေးရှောင် ၂၀,၀၀၀ ဝန်းကျင်ရှိပြီး သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့အတွက် ဆေးဝါးလိုအပ်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာ မိုးရာသီဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ နေရာတချို့မှာ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးပြီး သောက်သုံးရေ သန့်ရှင်းမှုမရှိတာကြောင့် အခုရက်ပိုင်းမှာ ဖြစ်ပွားမှု ပိုမိုမြင့်တက်လာနေကာ အရပ်သားသေဆုံးမှု ၅ ဦးအထိ ရှိခဲ့တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရခိုင်ဒေသရှိ ပြည်သူလူထုအားလုံးကို သူတို့မှာရှိတဲ့ ဆေးဝါးတွေနဲ့ ကုသမှုပေးနေပေမဲ့ စစ်ဘေး၊ ရေဘေးကို တပြိုင်တည်း ရင်ဆိုင်နေကြရတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွေမှာ ဆေးဝါးလိုအပ်ချက် ရှိနေတယ်လို့ ပြောထားပါတယ်။

မောင်တောမြို့နယ်က စစ်ဘေးရှောင်တွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြတာကြောင့် အဲဒီစစ်ဘေးရှောင်တွေအတွက် ဝမ်းရောဂါနဲ့သက်ဆိုင်တဲ့ ဆေးဝါးတွေအပြင် တခြား အထွေထွေရောဂါတွေအတွက်လည်း ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတာလို့ ​AA ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေ အနေနဲ့ ဆေးဝါးတွေ အကူအညီပေးကြဖို့ အကူအညီ လိုအပ်နေသူတွေကိုယ်စား အရေးပေါ် အကူအညီ တောင်းခံအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိ ရခိုင်ဒေသမှာ စစ်ကောင်စီက လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတဲ့အတွက် ဆေးဝါးလိုအပ်ချက် ပိုမိုမြင့်တက်လာနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

“ရခိုင်တိုက်ပွဲ စဖြစ်ကတည်းက စစ်တပ်က လမ်းပိတ်ထားတာကြောင့် ဆေးဝါးက လုံးဝတင်သွင်းလို့ မရဘူး။ အိန္ဒိယဘက်က တင်သွင်းတာလည်း အခု ကန့်သတ်ခံထားရတယ်။ ရခိုင်ပြည်ရဲ့ ဆေးဝါးပြတ်တောက်မှုက တနေ့တခြား မြင့်တက်လာတာကြောင့် အိမ်နီးချင်း နိုင်ငံတွေကဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကဖြစ်ဖြစ် အကူအညီပေးနိုင်ရင်တော့ အတိုင်းအတာတခုအထိ ကျန်းမာရေးပြဿနာတွေကို လျှော့ချနိုင်လိမ့်မယ်။”

မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က ဇွန် ၁၆ ရက်ကတည်းက စတင်တိုက်ခိုက်နေတာဖြစ်ပြီး ၂ လအထိ ကြာမြင့်လာပြီဖြစ်ကာ စစ်ကောင်စီနဲ့ ပူးပေါင်း ရိုဟင်ဂျာလက်နက်ကိုင်တွေ လူသားဒိုင်းကာအဖြစ် ပိတ်ဆို့ထားတဲ့ မြို့ခံရိုဟင်ဂျာ သောင်းနဲ့ချီပြီး အာရက္ခတပ်တော်က ကယ်ထုတ်ထားပါတယ်။

ရခိုင်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကတည်းက စစ်ကောင်စီက လမ်းခရီးအားလုံးကို ပိတ်ဆို့ထားတာကြောင့်လည်း ရခိုင်မြောက်ပိုင်းရှိ ကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့လည်း ကျန်းမာရေးစောင့်ရှောက်မှုကို ရပ်တန့်ထားကြရတယ်လို့ သိရပါတယ်။

ရခိုင်တိုက်ပွဲ ၉ လကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး မောင်တော၊ သံတွဲတို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013