အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ဘေးရှောင် ပြည်သူတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေလို့ အခုရက်ပိုင်းအတွင်း ၅ ယောက် သေဆုံးခဲ့ပြီး ဆေးဝါးတွေ လိုအပ်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သြဂုတ် ၁၆ ရက်နေ့မှာ အကူအညီတောင်းခံလိုက်ပါတယ်။
စစ်ရှောင်တွေဟာ စစ်ဘေးနဲ့ ရေဘေးကို တပြိုင်နက်တည်း ကြုံတွေ့ခဲ့ရပြီး သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတာလို့ ဆိုပါတယ်။
AA နဲ့ နီးစပ်သူတယောက်က “မောင်တောမြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၂ သောင်း နီးပါးလောက်ကို ကျနော်တို့ ဘေးလွတ်ရာကို ကယ်ထုတ်ထားပြီးပါပြီ။ စစ်ဘေးရှောင် ပြည်သူတွေမှာက စစ်ဘေးရော ရေဘေးပါ ကြုံခဲ့ရတော့ ဒီမှာရှိတဲ့ ဆေးဝါးတွေက မလုံလောက်တော့ဘူး။ အခုလည်း ရေက မသန့်ရှင်းတော့ ဝမ်းရောဂါဖြစ်ပြီး သေဆုံးတာတွေလည်း ရှိလာလို့ ပြည်သူကိုယ်စား အရေးပေါ် အကူအညီတောင်းခံရတာပါ” လို့ ပြောပါတယ်။
မိုးရာသီမှာ အဖြစ်များတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေပြီး သူတို့မှာရှိတဲ့ဆေးဝါးတွေနဲ့ စောင့်ရှောက်ကုသပေးနေပေမဲ့ မလုံလောက်ဘဲ ဝမ်းပျက်ဝမ်းလျှောနဲ့ သက်ဆိုင်တဲ့ ဆေးဝါးတွေအပြင် အထွေထွေရောဂါတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတွေ အရေးတကြီး လိုနေတယ်လို့ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက ဩဂုတ် ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အိမ်နီးနားချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေအနေနဲ့ စစ်ရှောင်လူနာတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ ဆေးဝါးတွေကို အကူအညီပေးကြဖို့ ပြည်သူ့ကိုယ်စား အရေးပေါ် အကူအညီတောင်းခံရကြောင်းလည်း ဆိုပါတယ်။