ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျီန္တလီမြို့ကို အာရက္ခတပ်တော် (AA) က သြဂုတ် ၁၃ ရက် ညနေပိုင်းမှာ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန် စစ်ကောင်စီတပ်သားတွေဟာလည်း ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
ကျီန္တလီမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံနိုင်စွမ်းမရှိတာကြောင့် ကုလားပြင်ဘက်ကို ဆုတ်ခွာသွားပြီး မြို့ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
"စစ်ကောင်စီကတော့ AA ရဲ့ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိဘဲ အကျအရှုံးတွေ များစွာနဲ့ တပ်ဆုတ်သွားတာဖြစ်တယ်။ တချို့စစ်သားတွေကလည်း ဖမ်းဆီးခံရတာတွေရှိတယ်။ လက်ရှိတော့ ဂွဘက်က စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကုလားပြင်မှာ ခံစစ်တည်ပြီး ခုခံနေတာကြောင့် အဲဒီဘက် တိုက်ပွဲပြင်းနေတုန်းပဲ" လို့ပြောပါတယ်။
အာရက္ခတပ်တော်က ကျီန္တလီမြို့ကို သြဂုတ် ၁၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျီန္တလီမြို့အတွင်း ရဲစခန်း၊ ထွေအုပ်၊ ဓာတ်အားခွဲရုံနဲ့ အထကကျောင်းတို့မှာ တပ်စွဲနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိဂွမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ကုန်စည်တင်သွင်းခွင့်ကို ပိတ်ပင်ထားတာကြောင့် လက်ရှိမှာ ဆေးဝါးနဲ့ ကုန်စည်ပြတ်တောက်မှုတွေ ရှိလာပြီလို့ ဂွမြို့ခံက ပြောပါတယ်။
"အရင် သံတွဲတိုက်ပွဲတွေတုန်းကဆိုရင် ဆေးဝါးနဲ့ ကုန်စည်က အကန့်အသတ်နဲ့ တင်သွင်းလို့ရသေးတယ်။ အခု ဂွမှာ တိုက်ပွဲဖြစ်တော့ ဘာမှတင်သွင်းလို့ မရတော့ဘူး။ စစ်ကောင်စီက အကုန်လုံးကို ပိတ်ဆို့ထားတာကြောင့် ဆေးဝါးနဲ့ ကုန်စည်တတချို့ ပြတ်တောက်လာပြီး စျေးကလည်း အရင်ကထက် ၂ ဆလောက် မြင့်နေတယ်။”
ဂွမြို့နယ်အတွင်းမှာ သြဂုတ် ၈ ရက်ကတည်းက နေ့စဥ်တိုက်ပွဲဖြစ်ပွားနေကြပြီး စစ်ကောင်စီကတပ်စွဲထားတဲ့ ချင်းကွင်းစခန်းနဲ့ ကျီန္တလီမြို့ အာရက္ခတပ်တော်က သိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ ဂွမြို့မှာလည်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဧရာဝတီနဲ့ ရန်ကုန်ဘက် တိမ်းရှောင်နေကြရ ပါတယ်။