Home
မြန်မာသတင်း
AA ထိုးစစ်ကို ခုခံရန် စစ်တွေမြို့ကို စစ်ကောင်စီ ခြံစည်းရိုးခတ်
DVB
·
August 15, 2024

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကို စစ်ကောင်စီက ခြံစည်းရိုးခတ်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို ခုခံဖို့ ခံစစ်ပြင်နေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းကတည်းက စစ်ကောင်စီက စစ်တွေမြို့ ပွိုင့်ကမ်းခြေသွားတဲ့ ကမ်းနားလမ်းကို ခြံစည်းရိုးတွေ ခတ်နေတာဖြစ်ပြီး အာရက္ခတပ်တော် (AA) ထိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲအောင် လုပ်နေကြတာလို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

“ဒီရက်ပိုင်း ကမ်းနားလမ်းတလျှောက်လုံးကို စစ်ကောင်စီ ခြံစည်းရိုးတွေ ခတ်နေတယ်။ အဓိကတော့ AA တပ်ဖွဲ့ဝင်တွေ မြစ်ပြင်ဘက်က အလွယ်တကူ တက်လာမှာကို စိုးရိမ်ပြီးတော့ ခံတပ်ပြင်နေတာ ဖြစ်တယ်။ မြို့ရဲ့ ပတ်ပတ်လည်မှာလည်း မိုင်းတွေ ထောင်ထားပြီးတော့ အဝင်အထွက်တွေ အားလုံးကို ပိတ်ဆို့ထားတာ။”

အခု ခြံစည်းရိုးခတ်နေတဲ့ ကမ်းနားလမ်းမှာ စစ်ကောင်စီရဲ့ ရေတပ်စခန်း တည်ရှိတာကြောင့် အဲဒီရေတပ်ကို ကာကွယ်တဲ့အနေနဲ့ ခံစစ်ကာတာလည်း ဖြစ်နိုင်တယ်လို့ စစ်တွေမြို့ခံတွေကြား သုံးသပ်နေကြပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိတဲ့ မင်းချောင်းတံတားကိုလည်း ဇန်နဝါရီလကတည်းက စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးထားပါတယ်။

စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် မြို့နယ်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်တွေမြို့ကိုလည်း ဝန်းရံ ပိတ်ဆို့ထားပါတယ်။

စစ်ကောင်စီက စစ်တွေမြို့တွင်းမှာ အရပ်သားတွေကိုလည်း နေ့တိုင်းဆိုသလို ဖမ်းဆီးနေပြီး ငွေညှစ်တာနဲ့ တရားစွဲဆိုတာတွေလည်း ရှိတယ်လို့ စစ်တွေမြို့ခံ နောက်တဦးက ပြောပါတယ်။

“ရခိုင်တိုက်ပွဲ ဖြစ်ကတည်းက ရပ်ကွက်တိုင်းကို ဝင်ပြီးတော့ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးနေတာ။ အဓိကတော့ ဧည့်စာရင်းကို အကြောင်းပြပြီးတော့ စစ်တွေမြို့သားတွေကိုလည်း ဖမ်းထားတာ မနည်းတော့ဘူး။ တချို့က ငွေပေးလို့ ပြန်လွတ်ပေမဲ့ ငွေမတတ်နိုင်တဲ့သူတွေကတော့ ပုဒ်မအမျိုးမျိုးတတ်ပြီး တရားစွဲခံရတယ်။ ကျနော်တို့သိသလောက်တောင် ဖမ်းဆီးခံရသူ ၇၀၀ ထက်မနည်းရှိပြီးတော့ တရားစွဲခံထားရသူ ၄၀၀ အထက်ရှိတယ်လို့ သိထားရတယ်။ ကျန် ၃၀၀ လောက်ကတော့ ငွေပေးပြီး လွတ်လာကြတာ။” 

စစ်တွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဧည့်စာရင်းကို အကြောင်းပြပြီး ဒေသခံတွေကို ဖမ်းဆီးကာ လူတဦးကို ငွေကျပ် ၁၅ သိန်းကနေ သိန်း ၅၀ တောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ ရခိုင်မြောက်ပိုင်းမှာ စစ်တွေမြို့တခုတည်းသာ စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်ကျန် မောင်တောမြို့ဟာလည်း အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ကို ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ ၉ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ တိုင်းစစ်ဌာနချုပ် အပါအဝင် တပ်ရင်း တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013