Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ဘေးရှောင်များကို စာရင်းကောက်၊ ဓာတ်ပုံရိုက်ပြီး စစ်တပ်ထံပေးပို့
DVB
·
August 15, 2024

ရန်ကုန်ကို စစ်ဘေးရှောင်လာတဲ့ မိသားစုဝင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးနဲ့ လဝကတို့က စာရင်းကောက်၊ ဓာတ်ပုံရိုက်ပြီး မြို့နယ်ထွေအုပ်နဲ့ စရဖ၊ နယ်မြေခံတပ်တွေကို ပို့ပေးတယ်လို့ စစ်ရှောင်မိသားစုဝင်တွေဆီက သိရပါတယ်။

ရှမ်းမြောက်၊ ရခိုင်နဲ့ မန္တလေးကနေ ရန်ကုန်ကို စစ်ဘေးရှောင်လာတဲ့ မိသားစုဝင်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရုံးကိုခေါ်ပြီး လဝကဦးစီးဌာနက စာရင်းကောက် ဓာတ်ပုံရိုက်တာဖြစ်တယ်လို့ စစ်ဘေးရှောင်တဦးက DVB ကို ပြောပါတယ်။

“စမ်းချောင်းမှာ အသိတယောက်က အိမ်ပေးနေလို့ သွားနေတာ၊ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ရောက်လာပြီး ဘယ်ကစစ်ရှောင်လာလဲ မေးတယ်၊ မိုးကုတ်ကဆိုတော့ တရားခံစစ်သလို စစ်တာ၊ ဖုန်းတွေရောစစ်တယ်၊ PDF တွေတောင် ပန်းနဲ့ကြိုနေတာ၊ ဘာလို့ အဲ့မှာမနေတာလဲ၊ ရန်ကုန်မှာတော့ ဒါမျိုးလာလုပ်လို့မရဘူး၊ မြွေပွေးကိုက်သွားမယ်ဆိုပြီး ဆဲတယ်၊ ဓာတ်ပုံကို ၃ ပုံလောက်ရိုက်တာ၊ မနေရဲတော့ဘူး အဲ့ကနေ ပြောင်းလာရတယ်။”

မြောက်ဥက္ကလာပမြို့နယ်မှာတော့ စစ်ဘေးရှောင်သူလာသူတွေကို စစ်ဖြစ်ရာနေရာက ထောက်ခံစာ ယူခိုင်းပြီး ထောက်ခံစာမရပါက ၄၀,၀၀၀ အထိတောင်းပြီး ကိုယ်ရေးအချက်အလက်တွေကို စစ်တပ်က ကောက်ယူတယ်လို့ လွိုင်ကော်မြို့ခံတဦးက DVB ကို ပြောပါတယ်။

“ရခိုင်ကနေ စစ်ရှောင်လာတာ ၈ လရှိပြီ၊ မြောက်ဥက္ကလာမှာ အလုပ်ရလို့ ပြောင်းသွားတာ၊ ထောက်ခံစာ ပြန်ယူခိုင်းတယ်၊ စစ်ဖြစ်နေတယ် ပြောတော့ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး ၄၀,၀၀၀ တောင်းလို့ ပေးလိုက်ရတယ်၊ လူစာရင်းက စစ်တပ်ကောက်တာ။”

ရန်ကုန်တိုင်းစစ်ဌာနချုပ်က သြဂုတ် ၁ ရက်မှ စတင်ကာ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး မြို့နယ်ထွေအုပ်၊ လဝက ဦးစီးဌာနနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ စာရင်းကောက် ပေးပို့ဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၇၇ မြို့ကို သိမ်းဆည်းထားတာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မြို့တွေမှာ မြို့ခံပြည်သူတွေက ပြန်လည်နေထိုင်လို့ရပေမဲ့ စစ်တပ်က မထင်ရင် မထင်သလို လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေလို့ နေရပ်ဒေသကို စစ်ရှောင်မိသားစုတွေ မပြန်ကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013