Home
မြန်မာသတင်း
စစ်ဘေးရှောင် ရိုဟင်ဂျာများ အသက်ဆုံးရှုံးရမှုများ ရှိနေ 
DVB
·
August 14, 2024

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးမှုတွေရှိနေတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  ဩဂုတ် ၁၀ ရက် ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရသူ ၄ ဦး အပါအဝင် တက်ကြွလှုပ်ရှားသူတွေနဲ့ သံတမန်တဦးတို့ရဲ့ ပြောဆိုချက်အရ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာမိသားစုတွေကို ဩဂုတ် ၅ ရက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ ကိုယ်ဝန်အရင့်အမာ အမျိုးသမီးတဦးနဲ့ သူရဲ့ ၂ နှစ်အရွယ် သမီးဖြစ်သူတို့လည်း ပါဝင်ပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အာရက္ခတပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အရပ်သားသေဆုံးမှု အများဆုံး တိုက်ခိုက်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အာရက္ခတပ်တော် (AA) က လုပ်ဆောင်ခဲ့တာလို့ မျက်မြင်သက်သေ ၃ ဦးက ရိုက်တာသတင်းဌာနကို ဩဂုတ် ၉ ရက်မှာ ပြောဆိုခဲ့ပြီး AA ဘက်ကတော့ အဲဒီ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ AA နဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် စွပ်စွဲ ပြစ်တင် ပြောဆိုခဲ့ကြပြီး ဒရုန်းတိုက်ခိုက်မှုအတွင်း လူဘယ်လောက်များများ သေဆုံးခဲ့သလဲဆိုတာနဲ့ ဘယ်အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လူမှုမီဒီယာမှာ တင်ခဲ့တဲ့ ဗီဒီယိုတွေထဲမှာတော့ ရွှံ့မြေပေါ်မှာ ရုပ်အလောင်းတွေနဲ့ သူတို့ရဲ့ ခရီးဆောင်အိတ်၊ ကျောပိုးအိတ်တွေ ပျံ့ကြဲနေပုံကို ပြသထားပါတယ်။

တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ အသက်ရှင် ကျန်ရစ်သူ ၃ ဦးက ပြောဆိုထားပြီး မျက်မြင်သက်သေတဦးကတော့ ရုပ်အလောင်း ၇၀ ထက်မနည်း မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းကို ရောက်ရှိနေတဲ့ မျက်မြင်သက်သေ အသက် ၃၅ နှစ်အရွယ် မိုဟာမက်အဲလီရက်စ်က သူ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်နဲ့ ၂ နှစ်အရွယ် သမီးဖြစ်သူတို့ဟာ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသွားတဲ့အကြောင်း၊ သူနဲ့ သူ့မိသားစုဟာ ကမ်းစပ်မှာ ရပ်နေတဲ့အချိန် ဒရုန်းနဲ့ လူအုပ်ကြီးကို စတင် တိုက်ခိုက်တာ ခံခဲ့ရတဲ့အကြောင်း ရိုက်တာကို ပြောပါတယ်။

“နားကွဲလုမတက် အသံအကျယ်ကြီးနဲ့ တရစပ် ပစ်ခတ်သံတွေ ကြားလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မြေပြင်ပေါ်ကို မှောက်ချလိုက်ပါတယ်။ ပြန်ထချိန်မှာတော့ ဇနီးသည်နဲ့ သမီးငယ်တို့ဟာ ဒဏ်ရာတွေ အပြင်းအထန်ရထားပြီး တခြားဆွေမျိုးတွေလည်း သေဆုံးနေတာကို မြင်တွေ့ခဲ့ရတယ်။”

စစ်ပွဲတွေနဲ့ဝေးရာ ဘေးကင်းလုံခြုံရာနေရာဆီ ရောက်အောင်သွားဖို့ ကြိုးစားရင်း လမ်းတဝက်မှာ ရင်နာစရာ အဖြစ်ဆိုးနဲ့ ပက်ပင်းတိုးခဲ့ရသူ အဲလီရက်စ်ကတော့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် သူ့ရဲ့ဇနီးနဲ့သမီး သေဆုံးခဲ့ရပုံနဲ့ သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်အထိ‌ သယ်သွားဖို့အတွက် လှေတစင်း အသည်းအသန် ရှာခဲ့ပုံတွေကို ပြောပြခဲ့ပါတယ်။

နောက်ပြီး သူ့တို့အတူ ဖြတ်သန်းခဲ့တဲ့ဘဝမှာ တဦးအပေါ် တဦး အမှားလုပ်မိတာတွေရှိရင်လည်း ခွင့်လွတ်ပေးဖို့ သူ့ဇနီး မဆုံးခင်မှာ အပြန်အလှန် တောင်းပန်ခဲ့ကြတဲ့ အကြောင်းနဲ့ ညသန်းခေါင်လောက် အရောက်မှာမှ လှေလေး တစင်းကို သူရှာတွေ့ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်သန်းနိုင်ခဲ့တဲ့အကြောင်း  အဲလီရက်စ်က  ပြန်ပြောင်း ပြောပြခဲ့ ပါတယ်။

နောက်ထပ် ကိုယ်တွေ့ကြုံခဲ့ရသူ အသက် ၂၈ နှစ်အရွယ် ရှမ်ဆူဒင်ကတော့ သူနဲ့အတူ သူ့ရဲ့ဇနီးနဲ့ မွေးကင်းစအရွယ် သားလေးတို့ဟာ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီးတဲ့နောက် သေဆုံးနေသူများစွာ ရှိပြီး ဒဏ်ရာတွေကြောင့် အော်ဟစ်နေသူတချို့ ရှိကြောင်း ပြောပါတယ်။

နောက်ပြီး ဩဂုတ် ၅ ရက်နေ့မှာပဲ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေတွေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ပိုင်းခြားထားရာ နတ်မြစ်ထဲမှာ နစ်မြုပ်ခဲ့တာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ ထပ်မံ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေနှစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ် မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုဒဏ်ရာတွေ၊ သေနတ်ဒဏ်ရာတွေနဲ့အတူ ဩဂုတ် ၁၀ ရက်က မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတဲ့ လူနာ ၃၉ ဦးကို ဆေးကုသပေးခဲ့ရတဲ့ အကြောင်းနဲ့ မြစ်ကူးဖို့ လှေရှာနေချိန်မှာ ဗုံးကျရောက် ပေါက်ကွဲခဲ့တာလို့ လူနာတွေက ပြောတဲ့အကြောင်း နယ်ခြားမခြား ဆရာဝန်များအဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အေဂျင်စီအနေနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လှေ ၂ စီး နစ်မြုပ်မှုမှာ ဒုက္ခသည်တွေ သေဆုံးခဲ့တဲ့အကြောင်းနဲ့ မောင်တောမှာ အရေအတွက် အတည်မပြုနိုင်တဲ့ အရပ်သား သေဆုံးခဲ့မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံ ဖော်ပြချက်တွေကို ကြားသိခဲ့ရတဲ့အကြောင်း ပြောပါတယ်။

တက်ကြွလှုပ်ရှားသူများ အဖွဲ့တွေကတော့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေကို ပြစ်တင် ရှုတ်ချခဲ့ပြီး အနောက်နိုင်ငံမှ ထိပ်တန်းသံတမန်တဦးကလည်း ရိုဟင်ဂျာတွေ သေဆုံးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို သူ့အနေနဲ့ အတည်ပြုနိုင်ခဲ့တဲ့အကြောင်း ပြောပါတယ်။

လတ်တလောလတွေအတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ၊ ရခိုင်နဲ့ တခြားအရပ်သားတွေအပေါ်  စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တရားလက်လွတ် သတ်ဖြတ်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မီးရှို့တာတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ (HRW) က ထုတ်ပြန်ထားပါတယ်။

အထူးသံတမန်ဟောင်း ကုလသမဂ္ဂဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဘော့ရီးက “ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ ရိုဟင်ဂျာလူမျိုး ရာနဲ့ချီ သေဆုံးခဲ့ရတယ်ဆိုတဲ့ အစီရင်ခံစာတွေဟာ ပြောရမှာ စိတ်မကောင်းပေမဲ့ မှန်တယ်လို့ပဲ ပြောချင်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ဩဂုတ် ၇ ရက်က ရေးသားဖော်ပြပါတယ်။ 

စစ်ကောင်စီကတော့ ရိုဟင်ဂျာတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ Telegram ချန်နယ်ကနေ တဆင့် AA ကို ပြစ်တင် ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဟာ AA တပ်တွေကိုတိုက်ခိုက်ဖို့အတွက် ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတာတွေလည်း ရှိနေပါတယ်။

AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ကတော့ “ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုအရ အကြမ်းဖက်သမားတွေရဲ့ မိသားစုဝင်တွေဟာ မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားရောက်ဖို့ ကြိုးစားခဲ့တာတွေ့ရပြီး စစ်ကောင်စီက သူတို့ ခွင့်ပြုချက်မရဘဲ သွားတဲ့အတွက် ဗုံးကြဲချခဲ့တာ ဖြစ်တယ်”လို့ AA ကို တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေမှာ ပါဝင်နေသူတွေကို  ရည်ညွှန်းပြီး ရိုက်တာကို ပြောပါတယ်။ 

မောင်တောဒေသမှာ သြဂုတ် ၆  ရက်က ဒရုန်းတွေ၊ လက်နက်ကြီးတွေ ထိမှန်ခဲ့ပြီး ရိုဟင်ဂျာ ၂၀၀ လောက် တရက်တည်းမှာသေဆုံးခဲ့တယ်လို့  ရိုဟင်ဂျာအသိုင်းအဝန်းက DVBကို ပြောပါတယ်။

ဒေသတွင်းမှာ ဆက်တိုက် လက်နှက်ကြီးဒဏ်တွေခံနေရတာကြောင့် မောင်နီရွာ၊ မြို့မတောင်၊ မြို့မကရင်တန်းရွာနဲ့ တခြားဒေသတွေဖက် ကရိုဟင်ဂျာတွေက ဘဓ်လားဒေ့ရှ်ဘက်ကို ထွက်ပြေး ဖို့ရည်ရွယ်ပြီး ဖေဇီရွာရဲ့ကမ်းခြေမှာ လူထောင်ချီ လာရောက်စု‌ဝေးနေစဉ်မှာ ရွှေစာနဲ့ ပန်းတော်ပြင်ဘက်တွေကနေ ဒရုံးတွေရောက်လာပြီး အကြိမ်းကြိမ်ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်  ရိုဟင်ဂျာ ရာနဲ့ချီ သေဆုံးခဲ့ရကြောင်းကို   အသက်ဘေးကလွတ်မြောက်လာခဲ့သူတဦးက ပြောပါတယ်။

“တောင်ဘက်ကိုလည်း သွားလို့မရဘူး။ မြောက်ဘက်ကိုလည်း သွားလို့မရဘူး။ အရှေ့ဘက်မှာကျတော့ စစ်ကောင်စီရဲ့ တပ်ရင်းရှိတယ်။ အဲ့ဒီဘက်ကို သွားလို့မရဘူး။ ထွက်ပြေးစရာဆိုလို ဒီနေရာတခုပဲရှိတယ်။ ကျနော်တို့ ဟိုဘက်ကို သွားချင်ရင်လည်း အဲ့ဒီနေရာမှာ အဓိကသွားစုကြတာကိုး။ နေ့ခင်း ၁၂ နာရီ လောက်မှာ အဲ့နေရာမှာလာပြီး စုကြရင်း တဖြည်းဖြည်းနဲ့ လူများလာပြီ ညနေ ၄ နာရီ၊ ၅ နာရီလောက်မှာ လူတွေများလာတယ်။  ၅ နာရီလောက်ကျတော့ ရွှေစာဘက်ကနေ ဒရုန်းတစင်း ရောက်လာတယ်။ ကျနော်တို့လူတွေ အကုန်လုံးနီးပါးမြင်ရတယ်။  မြင်ရပေမဲ့ ဖုန်းနဲ့ ဗီဒီယိုရိုက်ဖို့၊ ဓာတ်ပုံရိုက်လို့ မရဘူး။ အဲဒီတုန်းက တဖက်လှည့်ပတ်ပြီးတော့ ရွှေစာဘက်ကိုပျံသွားတယ်။ နောက်တော့ ဒရုန်း ၂ စင်း ထပ်ရောက်လာပြီးဗုံးကြဲတယ်။ အဒီနောက်ပေါက်ကွဲတဲ့အချိန်မှာ ကမ္ဘာပြိုသလိုပဲပေါ့နော်။  လူတွေလည်း ဟိုပြေးဒီပြေး ဖြစ်လာတဲ့အချိန်မှာ နောက်ထပ်ဗုံးတွေ ထပ်ကျတယ်။ လက်နက်ကြီးတွေကျတယ်။ တချို့က မြို့ထဲကိုပြန်ပြေးကြတယ်။ တချို့ကကတော့ မြစ်ဘက်ကို ပြန်ဆင်းသွားကြတယ်။ အကုန်ပြီးတော့ ဘယ်သူတွေ ဒဏ်ရတယ်၊ ဘယ်လောက်တွေ သေတယ်ဆိုတာ မသိရပေမဲ့ နည်းနည်းလေးအေးသွားတဲ့အချိန်ကျမှ သွားကြည့်တော့ လူ ၂၀၀ နီးပါးလောက်တော့ရှိမယ်။ ခန့်မှန်းပြီးတော့ ဟိုတစုဟို ဒီတုစုနဲ့ အလောင်းတွေချည်းပဲ။”

ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာတော့ စစ်တလင်းထဲမှာ ရောက်နေတဲ့ မောင်တောမြို့နဲ့ အနီးနားရှိ စည်ရွာက  ရိုဟင်ဂျာ ၁၅,၀၀၀ လောက်ဟာ  AA ခွင့်ပြုထားတဲ့နေရာတွေကို စစ်ဘေးရှောင်ဖို့ သွားရောက်ခဲ့ကြပါတယ်။

မောင်တောဒေသခံတဦးက  “မနေ့က ၁၀၀၀၀ လောက်ရှိတယ်။ ဒီနေ့ ၅၀၀၀ လောက် ထွက်ကြတယ်။ ညနေဆိုရင်ကျန်ခဲ့တဲ့ ၅၀၀၀ လောက်ထဲကပဲ ထွက်သွားကြဦးမှာ။ ဘာလို့လဲဆိုတော့အဲ့မှာ လက်နက်ကြီးက အဆက်မပြတ်ကျနေတာဆိုတော့ ဘယ်သူမှ ဆက်နေရဲမှာမဟုတ်ဘူး။ မြိုပေါ်မှာတိုက်ပွဲဖြစ်တုန်းကလည်း ရိုဟင်ဂျာတွေ သုံး၊ လေးရာလောက် ဆုံးသွားတယ်။ စက်လှေမြုပ်ပြီးတော့လည်း  အနည်းဆုံး  ၁၅၀ လောက်ဆုံးသွားတယ်။ တကယ်က မျက်နှာချင်းဆိုင်ပြီး တိုက်ပွဲဖြစ်တာကနည်းတယ်။ သူတို့ဘက်ကလည်း  လက်နက်ကြီးပစ်တယ်။ ဒီဘက်ကလည်း လက်နက်ကြီးပစ်တယ်။ ဒီဘက်ကပစ်လည်း ရိုဟင်ဂျာရွာကို ကျတယ်။ ဟိုဘက်ကပစ်ရင်လည်း ရိုဟင်ဂျာရွာကိုကျတယ်။ ထူးဆန်းနေတာက  သူတို့ ဝိုင်းပြီးတော့တိုက်ရမှာက မြို့သူကြီးမှာ နစက ၅ တပ်မတခုပဲ ကျန်တော့တာကို မတိုက်ဘဲ ရိုဟင်ဂျာရွာတွေကိုပစ်တယ်။ စစ်တပ်ကလည်း  လူတွေအိမ်တွေ ကြားထဲကိုပဲ ပစ်တယ်။ စစ်တပ်ကလည်း ရိုဟင်ဂျာတွေခိုလှုံနေတဲ့ကြားထဲမှာပဲ လာပြီးရှိနေတယ်”လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) ကတော့  မောင်တောမြို့နဲ့ အနီးတဝိုက်က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက်  ဇွန် ၁၆ ရက်ကတည်းက  ကြိုတင်အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

အခုရက်ပိုင်း မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တနေရာမှာ မြို့ထဲကနေ ထွက်ပြေးလာကြသူတွေ အများအပြား လက်နက်ကြီး၊ လက်နက်ငယ် ဗုံးထိမှန်တာတွေကြောင့် သေဆုံးနေသည်ကို ဆိုရှယ်မီဒီယာမှာ ကြားသိရလို့ များစွာစိတ်မကောင်း ဖြစ်ရကြောင်းနဲ့  ဒီသေဆုံးမှုမှာ မိမိတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပျက်ခဲ့တာ  လုံးဝမရှိတဲ့အပြင် မိမိတို့အဖွဲ့အစည်းနဲ့လည်း မသက်ဆိုင်ဘူးလို့ AA က   အသိပေးထုတ်ပြန်ထားပါတယ်။

 Source: Reuters / DVB မင်းညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024