ဒေါ်လာစျေးမြင့်တက်ကာ ကျပ်ငွေတန်ဖိုးထိုးကျသွားတဲ့အတွက် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်တချို့ ဒီနေ့မှာ အရောင်းရပ်ထားတယ်လို့ ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့သူတွေဆီက သိရပါတယ်။
ဩဂုတ် ၁၃ ရက် ဒီနေ့မှာ အမေရိကန် ၁ ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ် ၇၀၀၀ ကျော်အထိ ရောက်ရှိသွားတာကြောင့် ဖုန်းနဲ့ အိုင်တီပစ္စည်းစျေးကွက်မှာလည်း ကမောက်ကမတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဖုန်းဝယ်ရန်သွားရောက်စုံစမ်းခဲ့သူတဦးက "ဆိုင်တချို့ဆိုရင် ခါတိုင်းခင်းပြထားတဲ့ ဖုန်းတွေပါ ဖြုတ်သိမ်းထားကြတယ်။ သူတို့ရောင်းပေးနိုင်မယ့်ဖုန်းဆိုရင် ထုတ်ပြတယ်။ ကျန်တဲ့ ဖုန်းတော်တော်များများကို ဒီနေ့အရောင်းပိတ်ထားတယ်ပြောတယ်။ ဒေါ်လာစျေးထိုး တက်သွားလို့ စျေးနူန်းတွေ ပြန်ချိန်ဆနေရတာကြောင့်လို့ ပြောတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် ဖုန်းအရောင်းဆိုင်ကြီးတချို့မှာလည်း ဖုန်းအမျိုးအစားအလိုက်မူလဖော်ပြထားတဲ့ စျေးတွေကို ဖျက်ထားပြီး ဒေါ်လာပေါက်စျေးနဲ့ညီမျှတဲ့ စျေးနူန်းတွေ ပြန်ပြင်ရောင်းချတာရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှ ဖုန်းအရောင်းဆိုင် တာဝန်ခံတဦးက “ဒေါ်လာစျေးက အဆမတန်ခုန်တက်သွားတော့ စျေးတွေပြန်ချိန်ရတယ်။ နောက်ရက်ကြလည်း အခြေအနေက ဘာမှန်းမသိတော့ နဂိုစျေးနဲ့မရောင်းရဲတဲ့ အခြေအနေမျိုးဖြစ်ကုန်တာ။ ဖုန်းမှမဟုတ်ဘူး တခြားအိုင်တီပစ္စည်းတွေလည်း အတူတူပဲ"လို့ ပြောပါတယ်။
အမေရိကန်ဒေါ်လာစျေးဟာ လွန်ခဲ့တဲ့ရက်ပိုင်းအထိ ၁ ဒေါ်လာကို ကျပ် ၆၀၀၀ နီးပါးရှိရာကနေ ကျပ် ၇၀၀၀ ကျော်အထိ ခုန်တက်သွားတာကြောင့် တခြားကုန်စျေးနူန်းမြင့်တက်မှုတွေပါ ဆက်တိုက်ဖြစ်ပေါ်လာနေတယ်လို့ စျေးကွက်ကနေ သိရပါတယ်။