ရန်ကုန်ရှိ မြို့နယ်တချို့မှာ ဧည့်စာရင်းစစ်တာတွေ ခပ်စိတ်စိတ် ပြန်လုပ်လာပြီး ဧည့်စာရင်း မတိုင်ထားသူတွေဆီက စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတွေက ငွေညှစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်တပ်နဲ့ ရဲတွေက ယောက်ျားလေး၊ မိန်းကလေး စုနေတဲ့ တိုက်ခန်းတွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ပစ်မှတ်ထား ဧည့်စာရင်းဝင်စစ်တာတွေရှိနေပြီး ဧည့်စာရင်း မတိုင်ထားသူတွေ အနေနဲ့ တဦးကို အနည်းဆုံး ကျပ် ၃၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ပေးရတယ်လို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက “ပြီးခဲ့တဲ့ရက်က KTV တခု ဧည့်စာရင်းဝင်စစ်ခံရလို့ ဧည့်စာရင်းမတိုင်ထားတဲ့ ဝန်ထမ်းတချို့ကို ဆိုင်က ငွေပေးပြီး ပြန်ထုတ်ရတယ်။ ကုမ္ပဏီဝန်ထမ်း ယောက်ျားလေးတွေ စုနေတဲ့ အခန်းလည်း ဝင်စစ်ခံရသေးတယ်။ စစ်မှုထမ်းအသက်ထဲပါတဲ့သူတွေဆို ပိုပြီး ငွေညှစ်တယ်” လို့ ပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာလည်း ဧည့်စာရင်းစစ်တာတွေ ပိုတွေ့လာရပြီး နယ်ကနေ ပြောင်းရွှေ့လာသူတွေ တည်းတဲ့အိမ်တွေကို ရွေးစစ်တာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီမြို့နယ်မှာ နေထိုင်သူတဦးက “စစ်ရှောင်တွေက ရောက်နေတော့ အဲဒါကို အခွင့်ကောင်းယူပြီး ဝင်စစ်တာ၊ ရစ်ပြီး ငွေရှာတာတွေ လုပ်နေတာ တွေ့နေရတယ်။ စကစ သတင်းပေးတွေကလည်း ဘယ်တိုက်ကို ဘယ်လိုသူတွေ ပြောင်းလာတယ်ဆိုတာ အမြဲစောင့်ကြည့်နေတာ” လို့ ပြောပါတယ်။
ရန်ကုန်ရှိ ရပ်ကွက်အများစုမှာ ဧည့်စာရင်းကို ၁၄ ရက်ပဲခွင့်ပြုပြီး ဧည့်စာရင်းတကြိမ် သက်တမ်းတိုးတိုင်း ကျပ် ၂,၀၀၀ လောက်အထိ ရပ်ကွက်ရုံးကို ပေးနေရတယ်လို့လည်း ဧည့်စာရင်းနဲ့ နေထိုင်သူတွေဆီက သိရပါတယ်။