ရန်ကုန်ကို စစ်ရှောင်လာတဲ့ ပြည်သူတွေ များလာလို့ စစ်ကောင်စီက ဧည့်စာရင်းစစ်တာတွေ ပိုလုပ်လာပြီး အဖမ်းခံရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ရန်ကုန်ကို ပြင်ဦးလွင်၊ မန္တလေး၊ မိုးကုတ်ဘက်ကနေ စစ်ရှောင်လာတဲ့သူတွေ တဖြည်းဖြည်း များလာတဲ့အတွက် စစ်ကောင်စီကလည်း ဧည့်စာရင်းစစ်တာတွေ ပိုမိုလုပ်ဆောင်လာသလို မနေ့က အင်းစိန်မြို့နယ်၊ မင်းစေတီရပ်ကွက် မုဒိတာအိမ်ယာက ပြည်သူ ၁၃ ဦး အဖမ်းအဆီးခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အခုရက်ပိုင်း ဧည့်စာရင်းတွေ တောက်လျှောက်စစ်နေတာ။ မနေ့ညက ဧည့်စာရင်းဝင်စစ်တော့ မုဒိတာအိမ်ရာက ၁၃ ယောက် အဖမ်းခံရတယ်။ တနေရာတည်းက အဖမ်းခံရတာတော့ မဟုတ်ဘူး။ လိုက်စစ်ပြီး ပြင်ဦးလွင်၊ မိုးကုတ်ကလာတဲ့သူမျိုးရှိရင် လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ” လို့ အင်းစိန်မြို့နယ်၊ မင်းစေတီရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။
အခုအခါ ရန်ကုန်ကို စစ်ရှောင်သူတွေ များလာသလို ဧည့်စာရင်းစစ်တာတွေလည်း ပိုလုပ်လာတဲ့အတွက် အိမ်ငှားနေထိုင်သူတွေနဲ့ အိမ်ရှင်တွေဟာ အဆိုပါ စစ်ရှောင်တွေကို လက်မခံရဲကြသလို၊ အဆောင်တွေဟာလည်း စစ်ရှောင်တွေကို လက်မခံတဲ့ ကန့်သတ်မှုတွေ လုပ်လာတယ်လို့ အဆောင်ပိုင်ရှင်တွေထံက သိရပါတယ်။
“ကျနော်တို့က ကူညီချင်တယ်။ ကျနော်တို့မှာလည်း အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။ စစ်ရှောင်တွေကို အခန်းငှားမိလို့၊ လက်ခံထားမိလို့ ပြဿနာတခုခုဖြစ်ရင် အဆောင်က အပိတ်ခံရမှာ။ ကျနော်တို့တင်ပဲလားဆိုတော့ အိမ်ပိုင်ရာပိုင်ရှိတဲ့သူတွေကလည်း လက်ခံထားလို့ ပြဿနာဖြစ်ရင်လည်း အိမ်ချိပ်ပိတ်ခံရမှာမျိုးတွေ ကြောက်နေရတယ်လို့ ရွှေပေါက္ကံမြို့နေ အဆောင်ပိုင်ရှင်တဦးက ပြောပါတယ်။
ဒီလိုဧည့်စာရင်းစစ် ဖမ်းဆီးမှုတွေကြောင့် လက်ရှိ ငှားရမ်းနေထိုင်ကြတဲ့ စစ်ရှောင်တွေကို အခြားအိမ်၊ အခြားအဆောင်တွေ ပြောင်းရွှေ့နေထိုင်ဖို့ အိမ်ပိုင်ရှင်တွေနဲ့ အဆောင်ပိုင်ရှင်တွေက ပြောဆိုနေကြတဲ့အတွက် စစ်ရှောင်တွေဟာ ရန်ကုန်မြို့ စည်ပင်သာယာ နယ်နိမိတ်ပြင်ပက မြို့နယ်တွေဘက်ကို ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။