Home
မြန်မာသတင်း
ပုဂ္ဂလိကအလုပ်သမားများကို ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ပေးရန်ကြေညာ
DVB
·
August 11, 2024

အလုပ်သမားတွေအတွက် ထောက်ပံ့ကြေးကျပ် ၁,၀၀၀ ထပ်ဆောင်းပေးဖို့ စစ်ကောင်စီသြဇာခံ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက ကြေညာလိုက်ပါတယ်။

ဌာနဆိုင်ရာ နေ့စားဝန်ထမ်းတွေကို ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်ဆောင်းပေးမယ်လို့ ကြေညာပြီး ရက်ပိုင်းအကြာမှာ ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေကိုလည်း တိုးပေးရမယ် ဆိုပြီး ထုတ်ပြန်လာတာဖြစ်ပါတယ်။

အဲဒီလို ထောက်ပံ့ကြေးကျပ် ၁,၀၀၀ ကိုပေးဖို့အတွက် ပြီးခဲ့တဲ့အောက်တိုဘာလက တကြိမ် ခွင့်ပြုမိန့်ထုတ်ခဲ့ပြီး အခု နောက်တကြိမ်ခွင့်ပြုလိုက်ကာ သြဂုတ်လကစလို ခံစားခွင့် ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

ထောက်ပံ့ကြေးကျပ် ၁,၀၀၀ ထပ်မံခွင့်ပြုလိုက်ပေမယ့် အနည်းဆုံးအခကြေးငွေကတော့ တရက် ၄,၈၀၀ ကျပ်နှုန်းပဲ ဆက်ရှိနေမှာဖြစ်ပြီး ထောက်ပံ့ကြေးက သီးခြားခေါင်းစဉ်နဲ့ ရှိနေတာကြောင့် အလုပ်သမားတွေအနေနဲ့ အချိန်ပိုလုပ်ခခံစားခွင့်အတွက် နစ်နာရတယ်လို့ အလုပ်သမား အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

အထည်ချုပ်လုပ်သားခေါင်းဆောင်တယောက်က “ထောက်ပံ့ကြေးဆိုတာထက် အနည်းဆုံး အခကြေးငွေနှုန်း တိုးပေးဖို့ကို လိုလားတာ။ အခုဟာက ထောက်ပံ့ကြေးဆိုတော့ အချိန်ပိုထဲ ထည့်တွက်မပေးဘူး။ တချို့စက်ရုံတွေဆို အလုပ်ပိတ်ရက်တွေအတွက်ကို ထောက်ပံ့ကြေး မပေးဘူး။ အလုပ်ဆင်းရက်တောင် မူလသတ်မှတ်ပေးထားတဲ့ ထောက်ပံ့ကြေးမပေးတဲ့ ရုံတွေတောင်ရှိနေသေးတယ်” လို့ ပြောပါတယ်။

အခုလို ထောက်ပံ့ကြေး ကျပ် ၁,၀၀၀ ထပ်တိုး ခွင့်ပြုလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ တရက်ကို ၆,၈၀၀ ကျပ်ခံစားခွင့်ရရှိစေမှာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီထောက်ပံ့ကြေးမှာ အလုပ်သမား ၁၀ ယောက်အောက် တပိုင်တနိုင်လုပ်ငန်းတွေနဲ့ မသက်ဆိုင်ဘူးလို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေကို ၂၀၁၈ ခုနှစ်က နောက်ဆုံးသတ်မှတ်ခဲ့ပြီး တရက်လုပ်ခ ၄,၈၀၀ ကျပ်ဖြစ်ပါတယ်။

အဲဒီနှုန်းထားဟာ အခုအချိန်အထိ ပြောင်းလဲတာမရှိလို့ အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေက နှုန်းထားအသစ်ပြင်ဆင်သတ်မှတ်ပေးဖို့ အစဉ်တစိုက် တောင်းဆိုထားကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီက နှုန်းထားအသစ် သတ်မှတ်ပေးတာမရှိဘဲ ထောက်ပံ့ကြေးအနေနဲ့ပဲ ခွင့်ပြုတဲ့အပေါ် ဝေဖန်တာတွေရှိနေပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတယောက်က “ကျနော်တို့ အနေနဲ့ကတော့ ၃ ဒေါ်လာနဲ့ညီမျှတဲ့ တရက်လုပ်ခ နှုန်းထားရရှိဖို့ကိုပဲ လိုလားတယ်” လို့ ပြောပါတယ်။

လက်ရှိ အလုပ်သမားတွေရရှိတဲ့ တရက်လုပ်ခဟာ ၁ ဒေါ်လာနီးပါးပဲရှိတော့ပြီး အာဏာသိမ်းကာလအတွင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်လုပ်အားခတွေ နစ်နာဆုံးတာ အများကြီး ကြုံနေရတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013