စစ်တိုက်နေချိန်မှာ စစ်ကူနဲ့ ရိက္ခာတွေမလာတာဟာ သေတွင်းထဲပို့တာဖြစ်လို့ စစ်တိုင်းမှူးတွေ စဉ်းစားဖို့ အမျိုးသားရေးဆရာတော် ဦးဝီရသူက ပြောပါတယ်။
ဦးဝီရသူက “စစ်တိုင်းမှူးတွေကို ပြောချင်တယ်ဗျ။ ခင်ဗျားတို့တတွေက ကိုယ့်မြို့မကျရေး ကိုယ့်တပ်မကျရေး ခုခံကာကွယ်တာက ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့သိထားရမှာက ခင်ဗျားတို့ရဲ့ အဘက တကယ်စစ်တိုက်ချင်တာလား။ တကယ် စစ်အောင်ချင်တာလား၊ တကယ် စစ်နိုင်ချင်တာလား၊ တကယ် တပ်တွေမြို့တွေကို လုံခြုံစေချင်တာလား၊ ခင်ဗျားတို့ ပြန်စဉ်းစားဦး။ တကယ်တိုက်တဲ့အခါကျမှ စစ်ကူလည်းမလာ ရိက္ခာလည်းမလာ ပစ်ကူလည်းမလာဆိုရင် ခင်ဗျားတို့ကို သေတွင်းထဲပို့တာပဲလေ ခင်ဗျားတို့က သေတွင်းထဲဆင်းတာပဲလေ။ အဲတော့ ခင်ဗျားတို့က သေတွင်းထဲ ဘာလို့ဆင်းချင်ရတာတုန်း မေးမှာပေါ့။ ခင်ဗျားတို့ရဲ့အဘက ဝေသန္တရာဝင်စားလားမသိဘူး။ အလှူအတန်းတအားရက်ရောတာ၊ တမြို့ပြီးတမြို့လှူနေတာ ခင်ဗျားတို့သိရဲ့လား” လို့ ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းပိုက်ခံရပြီးနောက်မှာ အခုလို ပြောဆိုလာတာဖြစ်ပြီး စစ်တပ်ရဲ့ စွမ်းဆောင်ရည်အပေါ်ယုံကြည်နေကြတဲ့ စစ်တပ်ထောက်ခံသူတွေက မချင့်မရဲဖြစ်လာကြတာပါ။
ဦးဝီရသူက “ခင်ဗျားတို့အဘကို သေသေချာချာ ပြတ်ပြတ်သားသားမေး။ အဘ ဒီမြို့ရော လှူမဲ့စာရင်းထဲ ပါသေးလား။ ပါတယ်ဆိုရင် ကျနော်တို့ ကြည်ကြည်ဖြူဖြူလှူလိုက်ပါ့မယ်။ ကျနော်တို့ ခုခံ ကာကွယ်နေတာက အဘရဲ့အလှူဒါနကို အနှောင့်အယှက်ဖြစ်သလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုမျိုး ဖြစ်နေတယ်။ ကျနော်တို့လည်း အကုသိုလ်ဖြစ်နေတယ်။ အဘရဲ့ အလှူဒါန မြောက်အောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ ကမ္ဗည်းလေးထိုးပါရစေဗျာ။ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုဆိုတာလေးကို တပ်ပြီးတော့ ကျနော်တို့ စွန့်ခွာပေးပါ့မယ်။ အဲလိုပြတ်ပြတ်သားသားမေး။ ပြတ်ပြတ်သားသားမမေးဘဲ ခင်ဗျားတို့ လျှောက်တိုက်နေရင် ခင်ဗျားတို့ပဲသေမှာ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေက တမြို့ပြီးတမြို့သိမ်းလာတဲ့နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်ထောက်ခံသူတွေ ဝေဖန်လာကြတာဖြစ်ပါတယ်။