Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်မည့်သူများကို တင်းတင်းကျပ်ကျပ် စစ်ဆေး၊ ပြန်လွှတ်နေ
DVB
·
August 8, 2024

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ PJ (အလုပ်) နဲ့ PV (အလည်အပတ်) အမျိုးအစား နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ကိုင်ဆောင်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အထောက်အထား မစုံလင်သူတွေကို ပြည်ပထွက်ခွင့်မပြုဘဲ ပြန်လွှတ်တာတွေ ရှိနေပါတယ်။

သြဂုတ် ၁ ရက်က စတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပြည်ပကို ထွက်ခွာမယ့် လူငယ်တွေကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းပြီး အထောက်အထား မစုံသူတွေကို ပြည်ပထွက်ခွင့်မပြုဘဲ ပြန်လွှတ်တာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

အထူးသဖြင့် အလည်အပတ်ပတ်စ်ပို့ (PV နိုင်ငံကူးလက်မှတ်) ကိုင်ဆောင်ထားသူတွေ တကယ် အလည်အပတ်သွားတာ ဟုတ်မဟုတ် စစ်ဆေးမေးမြန်းပြီး PV စာအုပ် ကိုင်ဆောင်ကာ အလုပ်အကိုင် သွားရောက်လုပ်ကိုင်တာမျိုး မဖြစ်အောင် တင်းတင်းကျပ်ကျပ် စစ်ဆေးတယ်လို့ ဆိုပါတယ်။

PV ပတ်စ်ပို့ ကိုင်ဆောင်သူ ကိုမင်းမင်းက “PV နဲ့ အလည်အပတ်သွားမယ်ဆိုရင် လေယာဉ် အသွားအပြန် လက်မှတ်ရယ်၊ Show money ဘတ် ၂၀,၀၀၀၊ ဒါမှမဟုတ် ဒေါ်လာ ၅၀၀ ပေါ့၊ ဟိုတယ်ဘိုကင် အဲဒါတွေပါရင် အဆင်ပြေတယ်။ PJ နဲ့ သွားရင် ဟိုဘက်က အလုပ်ခေါ်စာနဲ့ OWIC ကတ် လိုတယ်။ ထွက်မယ့်သူတွေက PV ကြီးကိုင်ပြီး သွားမှာက အလုပ်နဲ့သွားမယ့် ပုံစံမျိုးဆိုတော့ ထွက်ခွင့်မပြုတာ။ အဓိက အပြန်လေယာဉ်လက်မှတ် မပါတာတို့ပေါ့” လို့ ပြောပါတယ်။

ပြည်ပထွက်ခွာခွင့်မပြုဘဲ ရန်ကုန်လေဆိပ်ကနေ ပြန်လွှတ်ခံရသူတွေထဲမှာ PJ အလုပ်အကိုင် ပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေလည်း ပါဝင်ပါတယ်။

တချို့ဆိုရင် နိုင်ငံခြားကနေ ခွင့်နဲ့ ခဏပြန်လာတဲ့အချိန်၊ နောက်တကြိမ် ပြန်ထွက်တဲ့အခါ ဝင်ငွေခွန်ဆောင်ထားတာ မရှိတာ၊ ပြည်တွင်းကို ၂၅ ရာခိုင်နှုန်း ငွေလွှဲထားတာ မရှိတာနဲ့ OWIC ကတ် မပြနိုင်တာ စတဲ့အချက်တွေကြောင့် ထွက်ခွင့်မရဘူးလို့ ပြောပါတယ်။

လေဆိပ်ကနေ အခုလို ပြန်လွှတ်တဲ့အတွက် လေယာဉ်လက်မှတ်နဲ့ ငွေကြေး ဆုံးရှုံးမှုတွေလည်း ကြုံနေရတယ်လို့ ပြန်လွှတ်ခံရသူတွေက ပြောပါတယ်။ ပြန်လွှတ်ခံရသူ အများစုဟာ ထိုင်းနိုင်ငံ၊ ဂျပန်၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းဒေသ ယူအေအီး နိုင်ငံတွေကို သွားရောက်ကြမယ့်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံက ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူဆိုရင် အထူးသဖြင့် အမျိုးသားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတယ်လို့ ကိုယ်တိုင်ကြုံရသူက ပြောပါတယ်။

“ကျနော့်ကို ဖုန်းတောင်းစစ်တယ်။ မြန်မာနိုင်ငံကမှန်းသိတော့ မြန်မာပတ်စ်ပို့ ကိုင်ထားတော့ ဖုန်းစစ်တယ်။ ဖုန်းထဲကို စစ်ဆေးပြီးတော့ ဘာလာလုပ်တာလဲ ထုံးစံအတိုင်း မေးတယ်။ စစ်မှုမထမ်းဘူးလားဆိုတာက အစ မေးတယ်၊ စင်ကာပူက အဲ့လိုမျိုး။ အဲ့မှာက Immigration အခက်အခဲ များတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြန်လို့လည်း မရတော့ဘူး။ ဘယ်အချိန်မှ ပြန်ရမှန်း မသိဘူး။”

စစ်ကောင်စီဟာ ဇွန်လအတွင်းကလည်း PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို သက်တမ်းမကုန်သေးဘဲ PV နိုင်ငံကူးလက်မှတ် ပြောင်းလဲလုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ပြည်ပထွက် အလုပ်လုပ်ကြတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားပါတယ်။

PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေအနေနဲ့လည်း ပြည်တွင်းကို ပြန်သွားပြီး နောက်တကြိမ် ပြည်ပကို အလုပ်နဲ့ ပြန်လာမယ်ဆိုရင် အခွန်ဆောင်ထားကြောင်းပြေစာ၊ ဝင်ငွေ ၂၅ ရာခိုင်နှုန်း လွှဲထားတဲ့ အထောက်အထားနဲ့ OWIC အလုပ်သမားကတ်တို့ လိုအပ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “အဲဒီ OWIC ကတ်ပြား မပြနိုင်ရင် ပြည်ပထွက်ခွာခွင့်လည်း မရဘူး။ OWIC ကတ်ပြား ပြနိုင်ဖို့ဆိုတာ မိသားစုထံ လွှဲပြောင်းငွေ ၂၅ ရာခိုင်နှုန်းက တခု၊ ပြည်ပရောက်တဲ့ အလုပ်သမားတွေကျတော့ ဝင်ငွေခွန်ရဲ့ ၂ ရာခိုင်နှုန်း အခွန်ဆောင်ပြီးကြောင်း ပြေစာတခု၊ အဲ့ ၂ ခု ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမှာဖြစ်ပါတယ်။ ပြည်ပကို ထွက်ခွာခွင့် တခါတည်း ပေးမှာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာပြီး စစ်မှုထမ်းဥပဒေ ပေါ်ထွက်လာပြီးတဲ့နောက် လူငယ်တွေ ပြည်ပကို ရရာနည်းလမ်းတွေနဲ့ အလုံးအရင်းနဲ့ ထွက်ခွာလာကြတာပါ။

စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၄ အထိ ခေါ်ယူထားပြီး စစ်မှုထမ်းဖို့ အသက်အကျုံးဝင်နေတဲ့ အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့် နည်းအမျိုးမျိုးနဲ့ ကန့်သတ်နေတာ ဖြစ်ပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013